သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွား အများပြည်သူခံစားနိုင်ရေး IMF အကြံပေး


IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ Christine Lagarde မြန်မာအမျိုးသမီး ဖိုရမ် ဒုတိယနေ့မှာ စကားပြောစဉ်။ (ဒီဇင်ဘာ ၇၊ ၂၀၁၃)
IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ Christine Lagarde မြန်မာအမျိုးသမီး ဖိုရမ် ဒုတိယနေ့မှာ စကားပြောစဉ်။ (ဒီဇင်ဘာ ၇၊ ၂၀၁၃)
မြန်မာနိုင်ငံရဲ့စီးပွားရေးကို ရေရှည်ခံ ခိုင်မာပြီး အားလုံးခံစားနိုင်တဲ့ တိုးတက်တဲ့ စီးပွားရေးဖြစ်အောင်လုပ်ရမယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Christine Lagarde ကပြောကြားလိုက်ပါတယ်။

အချိန်တိုအတွင်း စီးပွားရေးအရ ကျယ်ကျယ်ပြန့်ပြန့် တည်ငြိမ်တိုးတက်မှုတွေ ရှိလာနေပေမဲ့ အတိမ်းအစောင်း မခံနိုင်သေးတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ စနေနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ Ms. Lagarde ကပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ကျဆင်းဖို့နဲ့ မြန်မာပြည်သူအားလုံးရဲ့ မျှော်မှန်းချက်တွေ မြှင့်တင်ပေးဖို့အတွက် အဓိကလုပ်သင့်တဲ့ ကိစ္စ ၃ ခုကိုလည်း
မိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။ အနာဂတ်အတွက် ရင်းနှီးမြှုပ်နံှဖို့၊ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေထဲမှာ အားလုံးပါဝင်ခွင့်ပေးဖို့နဲ့ ဒေသတွင်း စီးပွားရေးထဲမှာ အခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တသားတည်းဖြစ်အောင် လုပ်ဖို့ဆိုတဲ့ လုပ်သင့်တဲ့ အချက် ၃ ချက်ကို ဥပမာတွေနဲ့ အကျယ်တဝင့် ပြောကြားသွားပါတယ်။ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံတယ်ဆိုတာဟာ ကျန်းမာရေး၊ ပညာရေး စတဲ့ ပြည်သူတွေအတွက် ဖြစ်တယ်ဆိုတာကိုလည်း
အသားပေးရှင်းပြသွားပါတယ်။

ကြွယ်ဝချမ်းသာမှုကို မြန်မာပြည်သူတွေအားလုံးအသေအချာ ခံစားနိုင်ဖို့က စီးပွားရေးဆိုင်ရာ တိုးတက်အောင်ဆောင်ရွက်မှုတွေမှာ အားလုံးပါဝင်နိုင်မှု ရှိရမယ်၊ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်စွမ်းတွေကို ထည့်သွင်းနေရာပေးဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ သူတို့ရဲ့
အစွမ်းအစတွေနဲ့ ပါဝင်ကူညီဖို့၊ ဦးဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ IMF ဦးဆောင်ညွှန်ကြားရေးမှူး Christine Lagarde ကဆိုပါတယ်။ ကမ္ဘာ့စီးပွားရေးမှာ
အာရှက အရေးပါတဲ့နေရာမှာ ရှိနေတဲ့ အချိန်မျိုးမှာ မြန်မာနိုင်ငံက အာရှစီးပွားရေးမှာ တသားတည်းပေါင်းစပ်နိုင်ဖို့ အရေးကြီးတာကိုလည်း သူက ရှင်းပြခဲ့ပါတယ်။

ရေရှည်တိုးတက်တဲ့ စီးပွားရေးအတွက် လိုအပ်တဲ့ စွမ်းရည်နဲ့ စနစ်တွေ ခိုင်မာဖို့ အတွက် IMF အနေနဲ့ လိုအပ်တဲ့ အကူအညီတွေ ဆက်ပေးသွားမယ် ဆိုတာကိုလည်း ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ IMF အကြီးအကဲ Christine Lagarde က ထပ်ပြီး
အာမခံသွားပါတယ်။

ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်၊ ၂ ရက်ကြာမြန်မာနိုင်ငံခရီးစဉ်အတွင်း Ms. Lagarde ဟာ ဒုသမ္မတ၊ ဘဏ္ဍာရေးဝန်ကြီး၊ ဗဟိုဘဏ်ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အကျိုးရှိတဲ့ ဆွေးနွေးမှုတွေဖြစ်တယ်လို့ IMF က ကြေညာချက်ထုတ်ပြန်ပါတယ်။


Christine Lagardeဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းတွေ့ဆုံခဲ့သလို မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးအရေး Women’s Forum ဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်ရှင်။
XS
SM
MD
LG