သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြုပြင်ရေးအတွက် IMF အကူအညီလို


မြန်မာလူထုနေ့စဉ်ဘဝမြင်ကွင်း။
မြန်မာလူထုနေ့စဉ်ဘဝမြင်ကွင်း။
မြန်မာနိုင်ငံက ပေးစရာရှိနေတဲ့ ကြွေးကျန်တွေကို ပြန်ဆပ်နိုင်ဖို့၊ စီးပွားရေး မူဝါဒတွေ ရေးဆွဲဖို့နဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေမှာ အထောက်အကူ ဖြစ်စေဖို့ ရည်မှန်းထားတဲ့ စီမံကိန်းတခုမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ကြီးကြပ် ပံ့ပိုးသွားဖို့ မြန်မာအစိုးရက အကူအညီ တောင်းလိုက်ပါတယ်။ ရေရှည်ခံမယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိစေဖို့၊ ကမ္ဘာ့စီးပွားရေးမှာ ဝင်ဆန့်နိုင်ဖို့နဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်စေဖို့ တနှစ်တာ အစီအစဉ်ကို ဒီဇင်ဘာလမှာ စတင် အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပြီး အကူအညီ တောင်းခံထားတာလို့လည်း IMF က ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစလို့ အရပ်သား အစိုးရအဖြစ် ပေါ်ပေါက်လာရာက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ ကတိပေးခဲ့ပြီးနောက် အပြောင်းအလဲတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း IMF ကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေဟာ ရေတိုကာလအတွက် အလားအလာကောင်းတွေ ရှိနေပေမဲ့ ဈေးကွက် စီးပွားရေး စနစ်တရပ်ကို အသွင်ကူးပြောင်းရာမှာတော့ အချိန်ယူရလိမ့်မယ်လို့ သတိပေးထားတာပါ။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ပမာဏဟာ ဒီနှစ်မှာ ၆.၃ ရာခိုင်နှုန်းလောက်ကနေ ရှေ့လာမယ့် နှစ်အနည်းငယ် အတွင်းမှာတော့ ၇ ရာခိုင်နှုန်းလောက်အထိ တိုးလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဒါပေမဲ့လည်း နိုင်ငံတကာက ကြွေးမြီတွေကို ပြန်မဆပ်သေးသရွေ့ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး အကူအညီ အထောက်အပံ့တွေ ချေးငွေတွေ ရဖို့ အဟန့်အတား ဖြစ်နေလိမ့်ဦးမယ်လို့လည်း IMF က ပြောပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်ကို ဒေါ်လာသန်း ၄၀၀ ပေးဖို့ ကျန်ရှိနေသလို၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကို ဒေါ်လာ သန်း ၅၀၀ လောက် ပြန်ဆပ်ဖို့ ကျန်နေတာပါ။ မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီတွေ ပေးအပ်ရာမှာ အဓိက နိုင်ငံတခုဖြစ်တဲ့ ဂျပန်ကတော့ မြန်မာနိုင်ငံက ပေးစရာရှိနေတဲ့ ယန်းငွေ ဘီလီယံ ၅၀၀ ကို လျှော်လိုက်ကြောင်း မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ်။
XS
SM
MD
LG