သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကြွေးမြီပြဿနာ အမြန်ဆုံး ဖြေရှင်းဖို့ IMF သတိပေး


အမေရိကန် ကြွေးမြီပြဿနာ အမြန်ဆုံး ဖြေရှင်းဖို့ IMF သတိပေး
အမေရိကန် ကြွေးမြီပြဿနာ အမြန်ဆုံး ဖြေရှင်းဖို့ IMF သတိပေး

IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲ ခရစ်စ်တင်း လာဂ့ါ (Christine Lagarde) က အမေရိကန်ရဲ့ ကြွေးမြီသတ်မှတ်ချက် အကျပ်အတည်းကို အမြန်ဆုံး ဖြေရှင်းပေးဖို့ လိုအပ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။ တကယ်လို့ ဒီအကျပ်အတည်းကို မဖြေရှင်းနိုင်ကြဘူးဆိုရင် အလှမ်းကျယ်ပြောလှတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

နယူးယောက်မြို့ နိုင်ငံခြားဆက်ဆံရေး ကောင်စီမှာ မစ်စ် လာဂ့ါက ဒီနေ့ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားနဲ့ ဥပဒေပြု လွှတ်တော်အမတ်တွေအကြား အစိုးရက အများဆုံး ချေးယူနိုင်တဲ့ ၁၄.၃ ထရီလီယံ ဒေါ်လာ သတ်မှတ်ချက် တိုးမြှင့်နိုင်ရေး သဘောတူညီချက် ရရှိဖို့ အဖြစ်နိုင်ဆုံးနဲ့ အမြန်ဆုံး ဆောင်ရွက်ကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။

ကြွေးယူနိုင်တဲ့ သတ်မှတ်ချက် မတိုးမြှင့်နိုင်ဘူး ဆိုရင်တော့ လာမယ့် သီတင်းပတ်ထဲမှာပဲ လိုက်နာရမယ့် ဘဏ္ဍာရေးတာဝန်တွေ ပျက်ကွက်မယ့်ကိန်း ဆိုက်ဖို့ ရှိပါတယ်။

အမေရိကန်ကသာ အခုလို အကြွေးပေးဆပ်ရမယ့် ဝတ္တရား ပျက်ကွက်ခဲ့မယ်ဆိုရင် အမေရိကန် ပြည်ထောင်စု အတွက်သာမက ကမ္ဘာ့စီးပွားရေးကိုပါ အကြီးအကျယ် ထိခိုက် နစ်နာလိမ့်မယ်လို့ မစ်စ် လာဂါ့က ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ ကြွေးအများဆုံး ယူနိုင်တဲ့ သတ်မှတ်ချက် တိုးမြှင့်ရေး၊ အသုံးစရိတ် လျှော့ချရေး၊ အခွန်တိုးကောက်ရေး စတဲ့ ဝါရှင်တန်က အကြိတ်အနယ် ဆွေးနွေးမှုတွေမှာတော့ မစ်စ် လာဂါ့က လက်ရှောင်နေခဲ့ပါတယ်။

ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ ဆွေးနွေးမှုတွေနဲ့ လွှတ်တော်အမတ်တွေရဲ့ အဆိုပြုချက်တွေကိုတော့ မစ်စ် လာဂါ့က ထပ်ဆင့် ထောက်ခံတာ မလုပ်ခဲ့ပါဘူး။

ရသုံးမှန်းခြေ ငွေစာရင်း လျှော့ချခြင်းအားဖြင့် အလုပ်လက်မဲ့ ပြဿနာ ပြန်လည် ပေါ်ပေါက်လာနိုင်ကြောင်း၊ အလုပ်လက်မဲ့တွေအတွက် အကျိုးမရှိဘဲ ကော်ပိုရေးရှင်းကြီးတွေရဲ့ ဘဏ္ဍာရေး အကျိုးစီးပွားအတွက် အခွင့်အလမ်းတွေ ပိုရရှိလိမ့်မယ်လို့ မစ်စ် လာဂါ့က ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG