သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာတဲ့ အခြေအနေတွေဟာ အားကောင်းလာနေပြီ ဖြစ်တဲ့အကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကပြောလိုက်ပါတယ်။ ဒီနှစ်ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ အရင်တနှစ်ကထက် ၃% တိုးပြီး ၃.၆% ရှိမယ်လို့ ခန့်မှန်းထားတဲ့အကြောင်းနဲ့ ၂၀၁၅ ခုနှစ်မှာ ၃.၉% အထိ တိုးလာနိုင်တယ်လို့လည်း ၀ါရှင်တန်အခြေစိုက် IMF အဖွဲ့ရဲ့ စီးပွားရေး အတိုင်ပင်ခံအရာရှိ Olivier Blanchard က အင်္ဂါနေ့မှာ ပြောဆိုခဲ့တာပါ။

၂၀၀၈ ခုနှစ်မှာ ကြုံခဲ့ရတဲ့ စီးပွားရေး ကျဆင်းမှုတွေကနေ ပြန်လည်နာလန်ထူလာတဲ့ အခြေအနေတွေဟာ အားကောင်းလာရုံ သာမက ပိုပြီးတော့ ကျယ်ပြန့် လာနေပြီလို့လည်း ပြောပါတယ်။ အစိုးရတွေ အနေနဲ့ ကြွေးမြီတွေ လျော့ပါးစေဖို့ အသုံးစရိတ်ဖြတ်တောက်တဲ့ အစီအစဉ်တွေကို ပြန်လည် လျှော့ချလာနေသလို၊ အစိုးရတွေ အကြွေးမဆပ်နိုင်တဲ့ အခြေအနေတွေနဲ့ ကြုံရမယ့်အရေး ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ်မှုတွေ နည်းပါးလာနေတဲ့ အကြောင်းလည်း ပြောဆိုခဲ့တာပါ။ ကမ္ဘာတ၀ှမ်းက ဘဏ်လုပ်ငန်းတွေဟာလည်း တဖြည်းဖြည်းနဲ့ ပြန်လည် အားကောင်း လာနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း တိုးတက်တဲ့ နိုင်ငံတွေမှာ ဖွံ့ဖြိုးမှု အခြေအနေတွေ နှေးကွေးနေသလို၊ တက်သစ်စနိုင်ငံတွေမှာ ဖွံ့ဖြိုးမှုတွေ အားနည်းနိုင်တာတွေဟာ စိုးရိမ်စရာတွေ အဖြစ်နဲ့လည်း သတိပေးခဲ့တာပါ။

ဆင်းရဲချမ်းသာ ကွာဟမှု ကြီးထွားလာနေတာကလည်း ပြဿနာတခု ဖြစ်လာနေပြီး စီးပွားရေး ပြန်လည်နာလန်ထူလာတဲ့ အခြေအနေတွေဟာလည်း မညီမမျှ ဖြစ်နေတုန်းပဲလို့ ပြောပါတယ်။ ပထ၀ီဝင်နိုင်ငံရေးအရ အန္တာရာယ် ရှိနိုင်တဲ့ အခြေအနေတွေ ပိုများလာနေပေမဲ့လည်း ကမ္ဘာနဲ့တ၀ှမ်း ရိုက်ခတ်လောက်တဲ့ အဆင့်အထိတော့ မရှိသေးဘူးလို့လည်း အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်တဲ့ IMF ရဲ့ ကမ္ဘာ့စီးပွားရေး ခန့်မှန်းချက် အစီရင်ခံစာက ဖော်ပြခဲ့တာပါ
XS
SM
MD
LG