သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်အရေး ဥရောပရောက် မြန်မာတွေရဲ့အမြင်


ထောင်ပေါင်းများစွာသော အရှေ့အလယ်ပိုင်း ဒုက္ခသည်တွေကို ခွဲေ၀ လက်ခံကြဖို့ EU ဥရောပသမဂ္ဂက တိုက်တွန်းခဲ့ပြီးနောက်ပိုင်း - ဒီဒုက္ခသည်တွေကို လက်ခံပေးမယ့် နိုင်ငံတွေလည်း ရှိလာနေသလို၊ ငြင်း ဆန်တဲ့ နိုင်ငံတွေလည်း ရှိခဲ့ပါတယ်။

EU အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ ဖင်လန်မှာတော့ ဒီဒုက္ခသည်တွေ ရောက်လာရင် ဖင်လန်မှာရောက်နှင့်ပြီး သား မြန်မာနိုင်ငံသားတချို့ အပါအဝင် တခြားနိုင်ငံတွေက နေထိုင်ခွင့်လျှောက်ထားသူတွေရဲ့ ကိစ္စမှာ ကြန့်ကြာမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ဆက်ပြောပြပါမယ်ရှင်။

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဂရိ၊ အီတလီနဲ့ ဟန်ဂေရီ နိုင်ငံတွေအနေနဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေအရေး မနိုင်မနင်းဖြစ်နေတာကြောင့် EU အဖွဲ့ဝင် ၂၂ နိုင်ငံအနေနဲ့ ဒုက္ခသည် ၁ သိန်း ၆ သောင်းကို ခွဲဝေလက်ခံကြဖို့ EU အကြီးအကဲ Jean-Claude Juncker က စက်တင်ဘာ ၉ ရက်နေ့က တိုက်တွန်းခဲ့တာပါ။ အဲဒီလို တိုက်တွန်းပြီးတဲ့နောက် - မကြုံဖူးလောက်အောင် များပြားလှတဲ့ အရေအတွက်နဲ့ ရွှေ့ပြောင်းလာသူတွေရဲ့ အရေး EU အဖွဲ့ဝင် နိုင်ငံတွေကြားမှာတော့ သဘောထားအမျိုးမျိုး ကွဲပြားနေပြီး - လက်ခံပေးမယ့် နိုင်ငံတွေလည်းရှိသလို၊ လက်မခံကြတဲ့ နိုင်ငံတွေ လည်း ရှိလာနေပါတယ်။ EU အဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ ဖင်လန်ကတော့ ဒီဒုက္ခသည်တွေကို လက်ခံဖို့ရှိပြီး အရေအတွက်ကိုတော့ အတိအကျ ပြောဆိုခြင်းမရှိသေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဖင်လန်ပြည်သူအများစုရဲ့ သဘောထားသိနိုင်ဖို့ ဖင်လန်မှာ ရောက်ရှိနေတာ ဆယ်စုနှစ်တခုရှိခဲ့ပြီဖြစ်တဲ့ မဥမ္မာကို မေးကြည့်ခဲ့ပါတယ်။

“ဒီမှာရှိတဲ့ ဖင်လန်အစစ်တွေရဲ့ သဘောထားက တချို့ ကြိုက်တဲ့သူတွေလည်းရှိတယ်။ သိပ်မကြိုက်တာတွေလည်းရှိတယ်။ နိုင်ငံခြားသား များသောအားဖြင့် ဒီကိုလာတယ်ပေါ့နော်။ သူတို့ကို မှီခိုပြီး ထိုင်စားနေတဲ့ သဘောမျိုးဆိုပြီး သိပ်မကြိုက်တာတွေလည်း ရှိတယ်။ ဘာကြောင့်ဖြစ်ရလဲ ဆိုတော့ ငွေရေးကြေးရေးကိစ္စပေါ့နော် လာမယ့်ဒုက္ခသည်တွေကို ထောက်ပံ့ဖို့အတွက်။ အလုပ်သမားတွေက တနင်္ဂနွေနေ့မှာဆိုရင် နှစ်ဆပိုပေးတဲ့ဟာ တွေ အဲဒါတွေကို သူတို့ လျှော့လိုက်လို့ရှိရင် သူတို့ပိုက်ဆံပိုပြီးတော့ စုလို့ရလာမယ်။ ရလာတဲ့အခါကျရင် အဲဒီပိုက်ဆံတွေနဲ့ သူတို့က ဒုက္ခသည်တွေကို သွားကူညီဖို့ပေ့ါနော်။ ပြီးရင် နောက် ကိုယ်ပိုင်အလုပ် ပိုင်ရှင်သမားတွေလည်း အခွန်ကို နှစ်ဆ ပိုသွင်းရတာတို့ ရှိတယ်။ အဲဒါကြောင့် သူတို့က သိပ်ပြီးတော့ မကြိုက်ကြတာပေါ့နော်။ ရဲတွေကလည်း ဘယ်လိုပြောမလဲဆိုတော့ သူတို့ ညပိုင်တွေ ပိုဆင်းရတယ်။ စနေ၊ တနင်္ဂနွေဆိုရင်လည်း ပိုလုပ်ရတယ်၊ ဒီလို သူတို့ရထားတဲ့ အခွင့်အရေးတွေကို လာဖြုတ်ရင် သူတို့လည်း ဆန္ဒပြဖို့ စဉ်းစားကြတယ်ပေါ့နော်။ အဲဒါကို ဖင်လန်က သတင်းတွေမှာ ပြောနေကြတယ်။”

ဒါ့အပြင် ဒီဒုက္ခသည်တွေ ဝင်ရောက်လာတဲ့အခါ ဖင်လန်လူဝင်မှုကြီးကြပ်ရေးအနေနဲ့ အရင်ကထက် ပိုပြီး အလုပ်များနိုင်တာမို့ - လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ကြန့်ကြာမှုတွေ ရှိလာနိုင်ပါတယ်။ ဒီလိုကြန့်ကြာမှာကို စိုးရိမ်တဲ့သူတွေထဲမှာ မြန်မာနိုင်ငံသားတချို့လည်း ပါဝင်နေ တာပါ။ ဒါနဲ့ပတ်သက်ပြီး -

“နဂိုကတည်းကလည်း immigration တွေက အလုပ်လုပ်တာ နှေးနေပြီ။ အဲဒီကြားထဲ ဆီးရီးယားနိုင်ငံက ဒုက္ခသည်တွေ လာမယ်ဆိုတော့ ပိုနှေးသွားမယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ဗီဇာနဲ့လာရင်တော့ နည်းနည်းတော်သေးတယ်ပေါ့နော်။ သူ့မှာ အလုပ်ရှိနေပြီဆိုတော့ သိပ်မနှေးလောက်ဘူး။ ဒါပေမဲ့ ဒီလိုမျိုး လက်ထပ်ပြီးတော့ လာတယ်ဆိုရင် သူတို့က သေချာလေ့လာရဦးမယ်။ အဲဒါကြောင့် နှောင့်နှေးသွားနိုင် တယ်။”

တခါ EU အဖွဲ့ဝင်နိုင်ငံတခုလည်းဖြစ်၊ စီးပွားရေးအရ တောင့်တင်းတဲ့ နိုင်ငံလည်းဖြစ်တဲ့ ဂျာမနီကတော့ - တနှစ်ကို ဒုက္ခသည် ၅ သိန်းအထိ လက်ခံမယ်လို့ ပြောကြားရင်း - ဦးဆုံး ခိုလှုံခွင့်ပေးခဲ့တဲ့ နိုင်ငံတခုပါ။ ဒါကြောင့် အရှေ့အလယ်ပိုင်းဒုက္ခသည်တွေ ဂျာမနီနိုင်ငံထဲ အလုံးအရင်းနဲ့ မကြာခင် ဝင်ရောက်လာတော့မယ့်အပေါ် ဂျာမန်ပြည်သူတွေရဲ့ သဘောထား ဘယ်လိုရှိသလဲဆိုတာ သိနိုင်ဖို့ ဂျာမနီနိုင်ငံမှာ နေထိုင်လာခဲ့ တာ နှစ်ပေါင်း ၄၀ ကြာခဲ့ပြီဖြစ်တဲ့ ဦးနွယ်အောင်ကို မေးကြည့်ခဲ့ပါတယ်။

“ပြည်သူပြည်သားတွေက ဘယ်လိုမြင်သလဲဆိုရင်တော့ အများစုက အကုန်လုံး လက်ခံတယ်။ သူတို့အိမ်တွေထဲကနေ ထွက်လာပြီးတော့ကို ကူညီစရာရှိတဲ့ ပစ္စည်းတွေကအစ အစားအသောက်တွေအဆုံး၊ တချို့ဆိုရင် အိမ်မှာခေါ်ထားတာတွေတောင်ရှိတယ်။ ကျနော့်အမြင်အရကတော့ ဂျာမန်ပြည်သူပြည်သားတွေဟာ ဒုက္ခရောက်နေတဲ့ refugee တွေ၊ ဆီးရီးယားတင်မကဘူး၊ တခြားနိုင်ငံတွေကလာတဲ့ လူတွေကိုလည်းပဲ သူတို့က ကိုယ်ချင်းစာနာပြီးတော့ လက်ခံတာကို တွေ့ရတယ်။ နည်းနည်းပါးပါးကလွဲလို့နော်။ အရင်တုန်းက နာဇီပါတီကိုထောက်ခံတဲ့ အစိတ်အပိုင်းလေးက တော့ ကျန်နေသေးတာပေါ့လေ။ သူတို့က ဒါကြောင့်မို့လို့ နိုင်ငံခြားသားတွေဆိုရင် လက်မခံဘူး။ ဥပမာ - ဒုက္ခသည်တွေကို ထားတဲ့ အိမ်တွေ ဘာတွေဆိုရင် သူတို့ကနေ မီးရှို့တာတို့၊ ဘာတို့ လုပ်တာတွေရှိပါတယ်။ ဒါလည်းပဲ အနည်းအကျဉ်းပါ။”

တိုင်းပြည်မှာ စစ်ဖြစ်နေလို့ ထွက်ပြေးလာသူတွေနဲ့ စီးပွားရေးအရ ထွက်ခွာလာသူ ဒုက္ခသည် နှစ်မျိုးနှစ်စားရှိပြီး၊ ဒီလိုလူတွေကို ဂျာမနီအစိုးရက ကြီးမှူးပြီး ဒီလိုကယ်ဆယ်တဲ့ ထူထောင်ရေးတွေ လုပ်ပေးနေတဲ့အပေါ် သူ့အနေနဲ့ အပြည့်အ၀ ထောက်ခံကြိုဆိုတယ်လို့လည်း ဦးနွယ်အောင်က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း မကြုံဖူးလောက်အောင် များပြားလှတဲ့ အရေအတွက်နဲ့ ရွှေ့ပြောင်းလာသူတွေရဲ့အရေး EU အဖွဲ့ဝင်နိုင်ငံ တွေကြားမှာ တော့ သဘောထားအမျိုးမျိုး ကွဲပြားနေပြီး - လက်ခံဖို့ စီစဉ်နေကြတဲ့ နိုင်ငံတွေလည်းရှိသလို၊ ဟန်ဂေရီ၊ ချက်ပြည်သူ့သမ္မတ နိုင်ငံ၊ ပိုလန် နဲ့ စလိုဗက်ကီးယား ၄ နိုင်ငံကတော့ EU ရဲ့ ဒီအစီအစဉ်ကို ငြင်းပယ်ခဲ့ကြပါတယ်ရှင်။

XS
SM
MD
LG