သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ကမ်းလွန်ကနေ ဖမ်းဆီးရမိတဲ့ လှေစီးပြေးတွေထဲက စက်လှေလုပ်သားတွေနဲ့ စကားပြန် အပါအ၀င် ပတ်သက်ဆက်နွယ်သူ လူ ၂၀ တို့ကို လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ဥပဒေနဲ့ မောင်တောတရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ပါတယ်။

သူတို့ကို လူကုန်ကူးမှုနဲ့လည်း တရားစွဲဆိုထားပြီး လာမယ့် ဇူလိုင်လမှာ တရားရုံးတင် ကြားနာဖို့လည်း ရှိနေပါတယ်။ ပြစ်ဒဏ်ချခံခဲ့ရသူတွေ ဘက်က လုံလောက်တဲ့ ခုခံချေပခွင့် ရရှိခဲ့ပါသလားဆိုတာနဲ့ အမှုသွား အမှုလာ အခြေအနေတို့ကိုတော့ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့က လှေစီးထွက်ပြေးကြသူ ၂၀၀ ကျော်တို့ကို တင်ဆောင်ပြီး မလေးရှားနိုင်ငံဆီ ဦးတည်မောင်းနှင်ရင်း ရခိုင်ကမ်းလွန်မှာ မြန်မာရေတပ်က ဖမ်းဆီးလိုက်တဲ့ထဲက စက်လှေဝန်ထမ်းတွေနဲ့ စကားပြန်တွေ အပါအ၀င် လူ ၂၀ တို့ကို မောင်တောတရားရုံးက ၁၉၄၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အရေးပေါ် အက်ဥပဒေ ၁၃ (၁) နဲ့ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ပါတယ်။ မောင်တောမြို့ခံ ရှေ့နေကြီး ဦးအောင်ကျော်ညွန့်က ပြစ်ဒဏ်ချလိုက်တဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“အဲဒီ လူ ၂၀ ကို လ၀ကပုဒ်မ ၁၃ (၁) နဲ့ စွဲတဲ့အမှုနဲ့ အမိန့်ချတာ၊ လူကုန်ကူးတဲ့အမှုနဲ့ အမိန့်ချတာ မဟုတ်ဘူး။ လ၀ကပုဒ်မနဲ့ စွဲထားတာ၊ လ၀ကပုဒ်မနဲ့ ချတာ၊ လူကုန်ကူးမှုနဲ့က တရားစွဲထားတုန်းပဲရှိသေးတယ်။ လ၀ကဥပဒေပုဒ်မနဲ့က သူတို့က အပြစ်ရှိတယ်လို့ ၀န်ခံတဲ့အတွက် ချတာပါ။ လူကုန်ကူးမှုဥပဒေနဲ့ကတော့ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီးတော့ အဲဒါအမှုနဲ့ စွဲထားတာပဲရှိသေးတယ်။ အဲဒါမချရသေးဘူး။”

နိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပကို တရားမ၀င် ကူးလူးသွားလာသူတွေအတွက် ချမှတ်ထားတဲ့ လူဝင်မှုကြီးကြပ်ရေး အရေးပေါ် အက်ဥပဒေ ပုဒ်မ ၁၃ (၁) အရ အမြင့်ဆုံးပေးနိုင်တဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။ အခု ပြစ်ဒဏ်ချမှတ်ခံရသူတွေကိုတော့ ဘူးသီးတောင်ထောင်မှာ ထားရှိမှာ ဖြစ်ပါတယ်။ တရားမ၀င် နယ်စပ်ဖြတ်ကျော်ခဲ့တယ်ဆိုတာကို ပြစ်ဒဏ်ချမှတ်ခံရသူ အားလုံးက ၀န်ခံခဲ့တာ ဖြစ်တယ်လို့လည်း ရှေ့နေကြီး ဦးအောင်ကျော်ညွန့်က ပြောပါတယ်။ ဒီလူတွေကို နောက်ထပ် လူကုန်ကူးမှုနဲ့လည်း တရားစွဲဆိုထားပြီး လာမယ့် ဇူလိုင်လ အတွင်းမှာ ကြားနာမှာလည်း ဖြစ်ပါတယ်။ အခု ပြစ်ဒဏ်ချမှတ်ခံရသူတွေရဲ့ နာမည်တွေကိုတော့ အတိအကျ မပြောနိုင်ဘူးဆိုပြီး ရှေ့နေကြီး ဦးအောင်ကျော်ညွန့်က ပြောပါတယ်။

“မောင်တောဒေသခံ မပါဘူး။ လူစာရင်း အတိအကျ လူ ၂၀ နာမည်တွေကိုတော့ ပြောလို့မရဘူး။ ဧရာဝတီတိုင်းပါတယ်။ ရန်ကုန်တိုင်းပါတယ်။ တနင်္သာရီတိုင်းပါတယ်။ မွန်ပြည်နယ်ပါတယ်။ ရခိုင်ပြည်နယ်က တယောက်ပါတယ်ထင်တယ်။ ရခိုင်ဘက်က မူဆလင် ကျောက်တော်ဆိုပြီး တယောက်ပါသလားလို့။ သေသေချာချာ မပြောနိုင်ဘူး။”

မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ဘက်က လှေစီးပြေးတွေကို အရှေ့တောင် အာရှနိုင်ငံတွေဆီကို တရားမ၀င် ပို့ဆောင်မှုနဲ့ လူ ၅ ဦးတို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။ ပြီးခဲ့တဲ့ မေလ ရခိုင်ကမ်းလွန်ကနေ ဖမ်းဆီးရမိတဲ့ စက်လှေမှာ လူပေါင်း ၂၀၈ ယောက်တင်ဆောင်လာခဲ့တာဖြစ်ပြီး အများစုက ဘင်္ဂလားဒေရှ့် နိုင်ငံက ဖြစ်ကြပါတယ်။ ဒီထဲက ၁၈၇ ဦးတို့ကိုတော့ ဘင်္ဂလားဒေရှ့်ဘက်ကို ပြန်လည် ပို့ဆောင်ပြီး ဖြစ်ပြီး ဘင်္ဂလားဒေရှ့်ဘက်က လက်မခံသေးတဲ့ ကျန်တဲ့ ၁၃ ဦးတို့ကတော့ ရခိုင်ပြည်နယ်မှာ သောင်တင်နေဆဲ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG