သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကားထုတ်လုပ်ရေး လုပ်ငန်းတွေ ၀င်လာရေး မူဝါဒသစ်ရဲ့ မက်လုံး


မြန်မာ အစိုးရက မော်တော်ကား တင်သွင်းမှု မူဝါဒ ပြောင်းလဲလိုက်တာကြောင့် နိုင်ငံခြား ကားထုတ်လုပ်ရေး လုပ်ငန်းတွေ ပြည်တွင်းမှာ ၀င်ရောက် ရင်းနှီးမြှုပ်နှံလာကြတာလို့ မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။ လက်ရှိမှာ အမေရိကန်၊ ဂျပန် ၊ ကိုရီးယား အပြင် တရုတ် ကုမ္ပဏီတွေကပါ ပြည်ပက ကားပစ္စည်းတွေ သယ်ယူလာပြီး ပြည်တွင်းမှာ တပ်ဆင် ထုတ်လုပ်လာတာကြောင့် အလုပ်အကိုင် အခွင့်အလမ်းက များများစားစား မရှိသေးဘူးဆိုပေမယ့် နောက်ပိုင်းမှာတော့ တွင်ကျယ်လာမယ်လို့လည်း ရှုမြင်ကြပါတယ်။ ဒီသတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။

ဒေါက်တာ စိုးထွန်း။ ။ ၂၀၁၇ ခုနှစ်ကတော့ ကားသစ် ဈေးကွက်က ရောင်းအား ၈ ထောင်လောက် ရှိတာပေါ့နော်။ ၂၀၁၈ မှာတော့ ၁ သောင်း ၇ ထောင်လောက် ရောင်းရတယ်။ ကား အသစ်ကတော့ ရောင်းအား ပိုကောင်းလာတဲ့ သဘောမှာ ရှိတယ်။ လက်ရှိ အစိုးရ အနေနဲ့လည်း ညာမောင်း တင်သွင်းခွင့်ကို ၂၀၁၈ ခုနှစ်က စပြီး ပိတ်လိုက်တယ်။ ဒုတိယ တခုက ကျတော့ ဒီ ရန်ကုန်လိုင်စင်ပေါ့နော်။ ရန်ကုန်လိုင်စင် ချထားမှုကို ပိတ်ထားတာဘဲ ၄ နှစ်လောက် ရှိပြီပေါ့နော်။ အဲဒီ အချက်တွေကြောင့် ကား အသစ်ဈေးကွက်ကတော့ ပိုပြီး ဖွံ့ဖြိုးလာတဲ့ သဘောရှိတယ်။

သိင်္ဂီထိုက်။ ။ အခု ဆရာ့ Showroom ကတော့ ကားတံဆိပ်က အသစ်ပါ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော

ဒေါက်တာ စိုးထွန်း။ ။ ကား အသစ်မှာမှ ၂ မျိုးရှိတာပေါ့။ တခုက ကျတော့ ပြည်ပကနေ တင်သွင်းတဲ့ဟာပေါ့နော်။ နောက်တခုက ပြည်တွင်းမှာ ထုတ်လုပ်တယ်။ SKD (semi-knocked-down ) ထုတ်လုပ်တယ် ဆိုတဲ့ဟာ ရှိတာပေါ့။ အခုကတော့ ရန်ကုန်တိုင်း အစိုးရက ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကား တွေကိုဘဲ ရန်ကုန်လိုင်စင်ပေးတာပေါ့နော်။ ပေးတဲ့ အတွက်ကြောင့်မို့ လက်ရှိမှာတော့ ပြည်တွင်း ထုတ်လုပ်တဲ့ ဟာက ပိုပြီးတော့မှ အားသန်တာ။ ကျနော်တို့လည်း ပြည်တွင်း ထုတ်လုပ်တဲ့ တံဆိပ်တခုဖြစ်တဲ့ Soueast ဆိုတဲ့ တံဆိပ် တခုကို ပြည်တွင်းမှာ စတင်ထုတ်လုပ်ဖို့ လွန်ခဲ့တဲ့ ၅ လလောက်က စပြီး စီစဉ်ခဲ့တာပေါ့နော်။ Soueast တံဆိပ်ကတော့ Brand ကတော့ တရုတ် Brand ဘဲ။ သို့သော်လည်းပဲ သူက တရုတ်ပြည်မှာ မစ်ဆူဘီရှီနဲ့ တရုတ် ကုမ္ပဏီနဲ့ ဖက်စပ် လုပ်ထားတဲ့ဟာ။ အင်ဂျင်တို့ ဂီယာဘောက်စ်တို့ကတော့ တရုတ် မဟုတ်ဘူး။ အင်ဂျင်ကတော့ မစ်ဆူဘီရှီ ဖြစ်တာပေါ့။ ကျနော်တို့ ဗမာပြည်မှာတော့ ကျနော်တို့ မြန်မာ အမျိုးသားတွေပိုင် ကုမ္ပဏီ အနေနဲ့ ဒဂုံအားမာန်သစ် ဆိုတဲ့ ကုမ္ပဏီ နာမည်နဲ့ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှု လုပ်ပြီးတော့ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကားအမျိုးအစား ဖြစ်တာပေါ့။

သိင်္ဂီထိုက်။ ။ Toyota တို့ ဘာတို့ ၀င်လာတဲ့ ကိစ္စက အဓိက အခွန်ကိစ္စဘဲလား။ အဓိက ဘယ်လို အကြောင်းအချက်တွေ ပါနိုင်ပါလဲ။

ဒေါက်တာ စိုးထွန်း။ ။ အခွန်ကတော့ Incentive ပေးထားတာ တခုဘဲ။ အဓိက အချက်ကတော့ ရန်ကုန်လိုင်စင်က ပိုအဓိက ကျတယ်။ အခုဟာ ပြည်ပက သွင်းတဲ့ ကားတွေ ရန်ကုန်လိုင်စင် မရဘူးပေါ့။ ရန်ကုန်လိုင်စင် ယူမယ်ဆိုရင် ကျနော်တို့က ယာဉ်အို ယာဉ်ဟောင်း တစီးကို ၀ယ်ပြီးတော့မှ အစိုးရကို အပ်ပြီးတော့မှ ယာဉ်အို ယာဉ်ဟောင်း ပါမစ် ဆိုတဲ့ ဟာနဲ့ ကျနော်တို့က ဒီ ရန်ကုန်လိုင်စင် ရတယ်။ အဲဒီဟာကလည်း အနည်းဆုံး သိန်း ၁၅၀၊ ဒေါ်လာ ၁ သောင်း နီးပါးလောက် ကုန်ကျစာရိတ် ရှိတယ်။ ပြည်တွင်းမှာ ထုတ်တဲ့ ကားတွေက ရန်ကုန်လိုင်စင် ရတဲ့ အတွက်ကြောင့်မို့လို့ အဲဒီ Incentive တော့ ရတာပေါ့နော်။

သိင်္ဂီထိုက်။ ။ ပြည်တွင်းမှာ တပ်ဆင် ထုတ်လုပ်နေတာ ဘယ်နှခုလောက် ရှိပါပြီလဲ။

ဒေါက်တာ စိုးထွန်း။ ။ တပ်ဆင် ထုတ်လုပ်ဖို့ လုပ်နေတဲ့ ကုမ္ပဏီကတော့ ၁၀ ခုကျော်လောက် ရှိတယ်။ တကယ်တန်း တပ်ဆင် ထုတ်လုပ်နေတာကတော့ ဆူဇူကီး ရှိတယ်၊ နောက်တခါ Nissan ရှိတယ်၊ နောက် Kia ရှိတယ်၊ Hyundai ရှိတယ်၊ နောက် Ford ရှိတယ်။ နောက်တခါ လီဖန်း ဆိုတဲ့ တရုတ် Brand ရှိတယ်။ နောက် ကျနော်တို့ Soueast ပေါ့နော်။ လောလောဆယ်ကတော့ အကြမ်းဖျဉ်း ဒီ မားကတ်ထဲမှာ တကယ် ထုတ်လုပ်နေတာတော့ ၇ ခုလောက် ရှိတယ်။ ကျန်တဲ့ ကားထုတ်လုပ်တဲ့ဟာ MIC တင်ထားတဲ့ဟာ ရှိတယ်။ နောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာဘဲ SA AUTO ဆိုပြီးတော့မှ Body Builder ပေါ့။ သူကတော့ ဘတ်စ်ကားတွေ Body Build လုပ်တာ ရှိတယ်။ နောက် ဆက်လုပ်ဖို့ လုပ်နေတာကတော့ Daewoo Bus ထုတ်ဖို့တော့ လုပ်နေတယ်။ ကျနော် မြင်တာတော့ ကျန်တဲ့ တရုတ် Brand တွေလည်း ဆက်ပြီးတော့ ပြည်တွင်း ထုတ်လုပ်ဖို့ အတွက် အခုတော့ ပိုပြီးတော့ စီစဉ်လာကြတာ တွေ့တယ်။

သိင်္ဂီထိုက်။ ။ ဒီ ပြည်တွင်းမှာ မော်တော်ကား တပ်ဆင် ထုတ်လုပ်တဲ့ အခါရောက်တော့ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုပေါ့လေ၊ အရင်က လုံးဝ မရှိတာနဲ့ စာရင်တော့ ရှိလာတာပေါ့။ ဒါပေမယ့် ဘယ်လောက်လောက် ရှိပါသလဲရှင့်။

ဒေါက်တာ စိုးထွန်း။ ။ ကျနော်တို့ ဘာဘဲ ပြောပြောလေ။ စက်ရုံ တခုဆိုရင် ဥပမာ ဆူဇူကီးလို အကြီးတန်း စက်ရုံဆိုရင်တော့ အလုပ်သမား ၂၀၀ ကျော်လောက် ရှိတာပေါ့နော်။ ဂျပန် လူမျိုးကတော့ Management Level မှာ ၄ ယောက် ၅ ယောက်ဘဲ ရှိတယ်။ ကျန်တဲ့ စက်ရုံ ထုတ်လုပ်မှု များတဲ့ စက်ရုံဆိုရင်တော့ အနည်းဆုံးတော့ ၁၀၀ ကျော်လောက်တော့ ရှိတယ်။ အလုပ်အကိုင် အခွင့်အလမ်းတော့ ပိုပြီး ရှိလာတယ်။ ဒုတိယ တချက် အရေးကြီးတာက ကျနော်တို့ တိုင်းပြည်မှာ အင်ဂျင်နီယာနဲ့ ပတ်သက်ပြီး RIT လိုဟာမျိုး စက်မှု တက္ကသိုလ်တို့ နည်းပညာ တက္ကသိုလ်တွေ ရှိတယ်။ အဲဒီမှာ Automobile နဲ့ ပတ်သက်တဲ့ ဘွဲ့တွေ ရတာ ရှိတယ်။ Mechanical ရတာ ရှိတယ်။ အဲလို လူတွေက အရင်တုန်းက ဘာမှ လုပ်စရာ မရှိဘူး။ ၀ပ်ရှော့မှာ သွားလုပ်ရင်လည်း ၀ပ်ရှော့မှာ တကယ်တန်း ကျတော့ မလုပ်ချင်ကြဘူးပေါ့နော်။ သူတို့ အတွက်တော့ ဘာဘဲ ပြောပြော တတ်တဲ့ ပညာနဲ့ အခုလို ကားစက်ရုံတွေ ပေါ်လာတဲ့ အတွက်ကြောင့် မို့လို့ သူတို့ တတ်တဲ့ ပညာကို အသုံးချရမယ့် နေရာလေး ရလာတာ။ ကျနော်တို့ မြင်တာကတော့ ဒါလည်း ဘာဘဲ ပြောပြော ကျနော်တို့ တိုင်းပြည် အတွက် အလားအလာ ကောင်းတာပေါ့။ လက်ရှိကတော့ SKD ဆိုတော့ ကျနော်တို့က အများကြီးတော့ လူမလိုသေးဘူး။ နောက် အစိတ်အပိုင်းတွေကို ပြည်ပက တင်သွင်းတဲ့ဟာမျိုး ရှိတယ်။ နောက် တဆင့် သွားရင် CKD ခေါ်တဲ့ (complete-knocked-down ) ဆိုရင် အလုပ်အကိုင် အခွင့်အလမ်း ပိုများလာမယ်။ နောက်တဆင့်သွားရင် Localization ဆိုတဲ့ ပြည်တွင်းထုတ် ပစ္စည်းတွေ တပ်ဆင် ထုတ်လုပ်မယ်ဆိုရင်တော့ ကျနော်တို့ တိုင်းပြည်က ပိုပြီးတော့ Auto Industry က ပိုပြီး ဖွံ့ဖြိုးလာမယ်။ အလုပ်အကိုင် အခွင့်အလမ်း ပိုပြီးများမယ်။ နည်းပညာ အကူးအပြောင်း များလာမယ်လို့ မြင်ပါတယ်။

သိင်္ဂီထိုက်။ ။ နောက်တခုက ဈေးကွက်ထဲမှာရောက်တော့ အရင်ကတော့ ဂျပန်ကားဟောင်းတွေ အဓိက လာကြမယ် ထင်ပါတယ်။ ဆိုတော့ အခု ကားသစ်တွေ ထိုးဖောက်တဲ့ နေရာမှာ ဈေးကွက် အကြိုက် ဘယ်လို ရှိပါသလဲရှင်။

ဒေါက်တာ စိုးထွန်း။ ။ ဈေးကွက်က ပြောင်းလဲလာပါတယ်။ ဂျပန်ကားဟောင်းတွေက ၂၀၁၈ ကတည်းက တင်သွင်းခွင့် မပြုတော့ဘူး။ ၂၀၁၉ ဆိုတော့ အရင်ကတည်းက တင်သွင်းခဲ့တဲ့ ဂျပန် ကားဟောင်းတွေ ဖြစ်တယ်။ ဂျပန်မှာလည်း Used ဖြစ်တဲ့ အပြင် ဗမာပြည်မှာလည်း ဒုတိယ အကြိမ် ဗမာပြည်မှာ သုံးထားတဲ့ အဟောင်း ဖြစ်တဲ့ဟာတွေ ဈေးကွက်ထဲမှာလည်နေတော့ ကားတွေ တချို့ကားတွေက တော်တော် စုတ်တဲ့ အနေအထားမျိုး ရှိလာတာပေါ့နော်။ ဒီထဲမှာလည်း သုံးထားတဲ့ ကားတွေ ဖြစ်တယ်။ နောက် ရန်ကုန်လိုင်စင်က လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ပိတ်ထားတာ။ ဆိုတော့ ကားဟောင်းစီးမယ့်သူ တချို့က အဟောင်း အမြင်း ပြန်လဲမယ့်ဟာကို ငြီးငွေ့လာတဲ့ အတွက်ကြောင့်မို့လို့ ကားအသစ်ဘက်ကို ကူးပြောင်းလာတယ်။ နောက် ဒုတိယ အချက်က ကားအသစ်တွေကလည်း ပြည်တွင်းမှာ ထုတ်လုပ်တဲ့ အတွက်ကြောင့်မို့လို့ ဈေးနှုန်း သက်သာတဲ့ အနေအထား ရှိလာတယ်။ အဲဒါကြောင့် ကျနော်တို့ မြင်တာတော့ လက်ရှိ လူတွေရဲ့ စိတ်ထဲမှာတော့ ကားအသစ် ဈေးကွက်ကို တဖြည်းဖြည်း ကူးပြောင်းလာတယ်လို့ မြင်ပါတယ်။

သိင်္ဂီထိုက်။ ။ ကားအသစ်တွေမှာ ဒီဘက် နိုင်ငံတွေမှာတော့ Bumper-to-Bumper အာမခံပေးတဲ့ဟာမျိုး၊ မိုင် ၅ သောင်းထိ ပျက်သမျှ အကုန် ပြင်ပေးတယ်၊ အာမခံတယ်ဆိုတဲ့ ဟာမျိုးတွေ ရှိကြပါတယ်။ အဲဒီမှာရော ကားသစ်ဈေးကွက်မှာရော ဒီလို အာမခံချက်မျိုး ရှိပါသလား။

ဒေါက်တာ စိုးထွန်း။ ။ ဟုတ်ကဲ့ ကျနော်တို့ ကားသစ် အားလုံးနီးပါးကတော့ ခုန ပြောတဲ့ ကီလို တသိန်းနဲ့ ၃ နှစ် အာမခံပါပါတယ်။ ပုံမှန် စစ်ဆေးတာ အခမဲ့ စစ်ဆေးတာ၊ တလ၊ ၆ လ၊ ဒါမျိုးတွေလည်း ရှိပါတယ်။

သိင်္ဂီထိုက်။ ။ အခု ဈေးကွက် အကြိုက်ကတော့ အသစ်ကို ပိုပြီးတော့ ကြိုက်လာတယ်။ အသစ်ဘက်ကို ပိုပြောင်းလာတဲ့ သိသာတဲ့ အနေအထားမျိုးရော ရှိပါလား ဆရာ။

ဒေါက်တာ စိုးထွန်း။ ။ ၂၀၁၇ နဲ့ ၂၀၁၈ မှာ အသစ် ဈေးကွက် ရောင်းအားက ၂ ဆ တက်လာတာ။ ၁၀၀ ရာခိုင်နှုန်း။

သိင်္ဂီထိုက်။ ။ အဲဒါ အဟောင်းလုံးဝ မ၀င်တော့လို့လား။

ဒေါက်တာ စိုးထွန်း။ ။ အဟောင်းကလည်း ညာမောင်းတင်သွင်းခွင့် မပြုတော့ဘူး။ ကျနော်တို့က ကြိုက်တာကလည်း ဗမာတွေ ကြိုက်တဲ့ အဟောင်းက ဂျပန် Domestic Used တခုဘဲ ကြိုက်တာ။ တခြားဟာတွေကို ကျနော်တို့က သိပ်မကြိုက်ကြဘူး။ အဲဒီ အဟောင်း တင်သွင်းခွင့်က ညာမောင်းကား တင်သွင်းခွင့် ပိတ်တာလည်း တချက်ပေါ့။ ဒုတိယ တချက်ကတော့ ရန်ကုန်လိုင်စင် ပိတ်ထားတဲ့ အတွက်ကြောင့်မို့ ရန်ကုန်လိုင်စင်က ၄ နှစ်လောက် ပိတ်ထားတာ ရှိတယ်။ ရန်ကုန်လိုင်စင် သုံးမယ်ဆိုရင် ခုနက ရှင်းပြသလိုဘဲ သိန်း ၁၅၀ လောက် ထပ်သုံးရမယ့် အတွက်ကြောင့် မို့လို့ အဲဒီ အကြောင်းတွေကြောင့် ဖြစ်တယ်။ နောက် တချက်ကတော့ ဒီ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကားတွေက ပိုပြီးတော့မှ အရေအတွက်က များလာတယ်။ ရွေးချယ်စရာ ပိုကောင်းလာတယ်။ သူတို့ အတွက် Service ပိုကောင်းလာတယ်။ အဲဒီ အချက်တွေကြောင့် ကျနော်တို့ ရန်ကုန်မှာ သုံးစွဲမှု ပိုပြီး များလာတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG