သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကားတင်သွင်းခွင့် ကန့်သတ်ချက် လျှော့ပေးမည်


မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC) ၌ ကျင်းပခဲ့တဲ့ ၂၀၁၂ ကားပြပွဲ တွင် တွေ့ရသော မစ်ဆူဘီရှိ ကား နှင့် လာရောက်ကြည့်ရှုသူ တစ်ဦး။ ဇန်နဝါရီလ ၂၀၊ ၂၀၁၂။
မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC) ၌ ကျင်းပခဲ့တဲ့ ၂၀၁၂ ကားပြပွဲ တွင် တွေ့ရသော မစ်ဆူဘီရှိ ကား နှင့် လာရောက်ကြည့်ရှုသူ တစ်ဦး။ ဇန်နဝါရီလ ၂၀၊ ၂၀၁၂။

မြန်မာနိုင်ငံမှာ ကားအရေအတွက် တိုးများလာရေး ရည်ရွယ်ချက်နဲ့ နိုင်ငံခြားငွေစာရင်း ရှိသူတွေ ကို ၂၀၀၇ မော်ဒယ်လ် အထက် ကားတွေကို အစိုးရက သွင်းခွင့်ပြုလိုက်ကြောင်း နေပြည်တော်မှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း တရားဝင် ကြေညာခဲ့ပါတယ်။ ဒီ ကြေညာချက်ကြောင့် ကား ဈေးကွက် တော်တော်များများမှာ လှုပ်လှုပ် ရှားရှားဖြစ်ခဲ့ပြီး ကားအရောင်း အဝယ်လုပ်သူ အများစုကတော့ ဒီလို လုပ်ဆောင်တာဟာ ကောင်းပေမဲ့ မကြာခဏဆိုသလို ပြောင်းလဲနေတဲ့ ဥပဒေတွေအောက်မှာ လုပ်ကိုင်ရတာ အတော်လေး အဆင်မပြေ ဖြစ်ရတယ်လို့ ဝေဖန်ခဲ့ကြရပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် နိုင်ငံရေးရော၊ စီးပွားရေး မှာပါ ပြောင်းလဲမှုတွေ တော်တော်များများ လုပ်ဆောင် နေတာမှာ အခုနောက်ဆုံး ကားသွင်းခွင့် တွေနဲ့ပတ်သက်တဲ့ ဥပဒေတင်းကြပ်မှုတချို့ကို လျှော့ပေးလိုက်တာပါ။ မြန်မာနိုင်ငံမှာ အဆမတန် မြင့်တက်နေတဲ့ ကားတန်ဖိုးကြောင့် ကားစီးသူအရေအတွက် နည်းပါးရတဲ့ ပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်ချက်နဲ့ အစိုးရကနေ ၂၀၀၇ မော်ဒယ်လ်အထက် ကားတွေကို လူတိုင်း သွင်းခွင့်ပြုတော့မှာဖြစ်တဲ့အကြောင်း စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ကနေ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်တယ်လို့ ဒီသတင်းစာရှင်းလင်း ပွဲကို တက်ရောက်သတင်းယူခဲ့တဲ့ ပြည်တွင်း သတင်းထောက်တဦးက ဗွီအိုအေကို ပြောပြပါတယ်။

“ဝန်ကြီးပြောတာ သမ္မတကြီး က ကျနော်တို့ အခြား နိုင်ငံတွေ နဲ့ တွက်ကြည့်တဲ့ အခါကျတော့ မြန်မာ နိုင်ငံမှာ ကားစီးနိုင်တဲ့ လူဦးရေ က အရမ်းနည်းတယ် တဲ့။ လူ တစ်ထောင်မှာ ခုနှစ်စီးဘဲ ရှိတယ် ပေ့ါနော်။ အဲဒီ အတွက် ကြောင့် ခွင့်ပြုပေးတာလို့ ပြောတယ်ဗျ။ သူက အဲဒါမှာ မြန်မာ နိုင်ငံသား မှတ်ပုံတင် နဲ့ အိမ်ထောင်စု ဇယား ရှိတဲ့ မည်သူမဆို နှစ်ထောင့် အထက် ဘယ်မောင်း ညာမောင်း မခွဲဘူးပေါ့နော်၊ ကားတင်သွင်းခွင့်ပြုမယ် ဆိုပြီးတော့ ပြောသွားတယ်။ ဒီ MFTB ၊ MICB သို့မဟုတ် ပုဂ္ဂလိက ဘဏ်မှာ အကောင့် (account) တစ်ခု ရှိရမယ် ပေ့ါ။ အကောင့် တစ်ခု ရှိတဲ့လူ အဲဒီ အကောင့် ရှိလို့ရှိရင် အကောင့် က ကားဝယ်မယ့် ငွေ ပမာဏ ပေ့ါ၊ အဲဒီ ငွေပမာဏ ရှိလိုရင် အဲဒီ အကောင့် နဲ့ သူက စီးပွားကူးသန်းကို လာ၊ စီးပွားကူးသန်းက အထူးပါမစ် ဆိုပြီး ထုတ်ပေးလိုက်မယ်။ အဲမှာ ထုတ်ပေးလိုက်မယ် ဆိုရင် ဝယ်လို့ရပြီ။ ဝယ်လို့ ရပြီး ဆိုတော့ ဘဏ် က လူကြီးတဲ့ လာတဲ့ အခါကျတော့ မေးလိုက်တဲ့ အခါကျတော့ ကိုယ့် မှာ ဒေါ်လာ မရှိတဲ့ အခါကျတော့ ဘယ်လို လုပ်လို့ ရလဲ ဆိုတော့ Exchange ကောင်တာ မှာ သွားဝယ်လိုက်၊ အဲဒီရဲ့ ဝယ်တဲ့ ဘောင်ချာ ယူလာပြီးရင် သူက အကောင့် ဖွင့်ပေးမယ် ပြောတယ်။”

ဒီသတင်းကြောင့် ရန်ကုန် ကားဈေးကွက်မှာ အတော်လေး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရတာပါ။ အခု ဖွင့်ပေးလိုက်တဲ့ ဥပဒေသစ်ကြောင့် ကားပွဲစားတွေနဲ့ ကားကုမ္ပဏီတွေအတွက်တော့ အကျိုးရှိနိုင်ပေမဲ့ အရင်က ကားသွင်းခွင့်ရထားသူတွေနဲ့ ကားပိုင်ဆိုင်ထားသူတွေအတွက် ကတော့ ထိခိုက်နစ်နာမှုတွေ ဖြစ်ရတယ်လို့ ရန်ကုန်မှာရှိတဲ့ ကားဝယ်ရောင်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

“ကားဈေးကွက် ကတော့ ဒီနေ့မှာတော့ တော်တော်လေး ပြိုသွားတယ်ဗျ။ ပြိုသွားတယ် ဆိုတဲ့ အကြောင်းအရင်းကလည်း ၂၀၀၇ up အထက် ဆိုလို့ရှိရင် ပါမစ် မလိုဘဲနဲ့ ပေါ့နော် သတ်မှတ်တဲ့ အခွန် ဆောင်လို့ ရှိရင် သွင်းလို့ ရပြီ ဆိုပြီးတော့ အဲဒီလို သတင်း ထွက်လာတယ် ခင်ဗျ။ ထွက်လာတော့ ကားဈေးကွက်က တော်တော်လေး ပြိုသွားတာပေ့ါနော်။ ဥပမာ ကျနော် ပြောပြမယ်ဗျာ။ သင်္ဘောသား ပါမစ် သူတို့ ဒေါ်လာ ဘယ်လောက်ရှိရင် သဘောၤသားတွေ ကို သွင်းခွင့်ပေးမယ်။ Shore job ရှိုးဂျော့ သမားတွေကို သွင်းခွင့်ပေးမယ် ဆိုပြီး သူတို့ လုပ်လိုက်တယ်ဗျာ။ လုပ်လိုက်တော့ သဘောၤသားတွေ အားလုံးက မရှိမဲ့ ရှိမဲ့ ပိုက်ဆံတွေ ဘဏ်ထဲ ထည့်ကြ။ ပါမစ်လေးတွေ ထုတ်ပြီးတော့ သူတို့လည်း သွင်းကြ ရောင်းကြပေါ့။ Shore job ရှိုးဂျော့ သမားတွေ လည်း အဲဒီလို တွေ လုပ်ကြတော့မှ။ အဲဒီလူတွေ ရဲ့ ကားတွေ တောင် ရောက်မလာသေးဘူးဗျာ..အဲဒါတွေ ရိုက်ချိုးလိုက်တော့ အဲဒီလူတွေက အရင်ဆုံး ဒုက္ခရောက်သွားပြီဗျာ။ နံပါတ်တစ်ပေါ့နော်။ နံပါတ်နှစ်။ ဒီဟာတွေ ဒီလို လုပ်ဖို့ ဆိုတာ နဂိုတည်း က လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတစ်ခု။ မလုပ်ဘဲနဲ့ ကျနော်တို့ ယာဉ်အိုဟောင်းကို ဖျက်တယ်။ ယာဉ်အိုဟောင်းကို အပ်ပြီး ၂၀၀၂ အထိ သွင်းရမယ်။ ပြီးတော့ ၂၀၀၆ အထိ ခွင့်ပြုလိုက်တယ်။ ပြီးတော့ မှ ဒီလိုတွေ လုပ်တဲ့ အခါကျတော့ အကောင်းလုပ်တယ် ဆိုသော်ငြားလည်း ဒုက္ခရောက်တဲ့ လူတွေ တော်တော်များများလည်း ဒုက္ခရောက်ကုန်ကြတာပေ့ါ။ စီးပွားရေး လုပ်နေကြတဲ့ လူတွေ အကုန် ကမောက်ကမ တွေ ဖြစ်ကုန်ကြတာပေ့ါနော်။ အားလုံးက ဘယ်လို ပြောမလဲ ဆိုလို့ရှိရင် အရင်တုန်းက သိန်း ၃၀၀ တန်တဲ့ ကားကို အခု လို ဖွင့်ပေးလိုက်တဲ့ အတွက် နေရင်း ထိုင်ရင်း သိန်း ရှစ်ဆယ် ခုနှစ်ဆယ် ရှုံးမယ်။ လူနည်းစုလား ဆိုတော့ လူနည်းစုလည်း မဟုတ်ဘူး။ အများစု အဲဒီလို ဖြစ်ကုန်ကြတာပေ့ါနော်။ အဲဒီလို အကျိုးဆက်လေးတွေတော့ ဖြစ်သွားတာပေ့ါဗျာ။”

ဒါ့အပြင် မြန်မာ အစိုးရရဲ့ မကြာခဏ ပြောင်းလဲလေ့ ရှိတဲ့ ဥပဒေတွေ အပေါ်မှာ ကြည့်ပြီးတော့ အဆင်ပြေသလို စီးပွားရေး လုပ်ကိုင်ရတာ ဖြစ်တဲ့ အတွက်လည်း ထိခိုက်နစ်နာမှု တွေ ဖြစ်ရတယ် လို့ ကားဈေးကွက် အသိုင်းအဝိုင်း က မြင်တဲ့ အကြောင်းလည်း သူက အခုလို ဆက်ပြောပြပါတယ်။

“အများစု ရဲ့ သဘောထားက ဘယ်လို ရှိလဲ ဆိုတော့ ကျနော်တို့တွေက ဘာကို ယုံကြည်ပြီး ဘာကို အလုပ်လုပ်ရမှန်း မသိတဲ့ အနေအထားတွေ ဖြစ်လာပြီပေ့ါဗျာ။ ဥပဒေတွေ က ဒီနေ့ တမျိုး၊ မနက်ဖြန် တမျိုး၊ တဘက်ခါ တမျိုး၊ အဲဒီလိုတွေ အမျိုးအမျိုး၊ အစိုးရကတော့ ပြည်သူတွေ ကောင်းအောင် လို့ ဖြေလျှော့ပေးနေတာပေ့ါဗျာ။ ပြည်သူတွေ အားလုံး ကားစီးနိုင်အောင်၊ ပြည်သူတွေ အားလုံး သက်တောင့်သက်သာ ဝယ်နိုင်အောင်လို့ တော့ လုပ်ပေးနေကြတာပေ့ါဗျာ။ သို့သော်ငြားလည်း သူရဲ့ စေတနာက စေတနာ မှန်ပေမဲ့ စေတနာ က ဝေဒနာ ဖြစ်သွားရတဲ့ အကျိုးတွေလည်း အများကြီးပေ့ါဗျာ။”

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကတော့ ဒီဥပဒေသစ်ကြောင့် ဖြစ်ပေါ်လာနိုင်မယ့် အခက်အခဲတွေနဲ့ပတ်သက်လို့ လာမယ့် တပတ်ကျရင် ရန်ကုန်မှာ အလုပ်ရုံ ဆွေးနွေးပွဲလုပ်ပြီး ဆွေးနွေးပြောဆိုကြမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီဥပဒေသစ်ကြောင့် ကားဝယ်နိုင်တဲ့ တန်ဖိုးငွေ ဒေါ်လာ တစ်သောင်းနဲ့ အထက် ရှိသူတိုင်း လွယ်လွယ်ကူကူ ကားသွင်းခွင့်၊ စီးခွင့်ရတော့မှာ ဖြစ်ပေမဲ့ လမ်းပိတ်ဆို့မှု မဖြစ်အောင်နဲ့ မြို့လိုအပ်ချက်ကို တွက်ချက်ပြီးတော့ ခွင့်ပြုမယ့် အစီးရေကိုလည်း နောက်ပိုင်းမှာ ထုတ်ပြန်ကြေညာ သွားမယ် လို့ ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG