သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းကျ မွန် ဦးဇင်း ကျန်းမာရေးအခြေအနေဆိုး


အင်းစိန်ထောင် အဝင်၀ မြင်ကွင်း။ စက်တင်ဘာ ၂၃၊ ၂၀၀၈။
အင်းစိန်ထောင် အဝင်၀ မြင်ကွင်း။ စက်တင်ဘာ ၂၃၊ ၂၀၀၈။

၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင်မှုနဲ့ အင်းစိန်ထောင်စစ်ကြောရေးစခန်းမှာ ထိန်းသိမ်းခံနေရတဲ့ ဦးဇင်း ဇော်လတ် ခေါ် အရှင်ဥက္ကံသဟာ ကျောက်ကပ်ယောင် ရောဂါ ဝေဒနာ ခံစားနေရပေမယ့်လဲ ဆေးဝါးကုသမှု မခံရဘူးလို့ဆိုပါတယ်။ ဒါ့အပြင် စစ်အာဏာ ပိုင်တွေကနေ ပုဒ်မသုံးခုနဲ့ စွဲချက်တင်ထားပြီး တရားစစ်ဆေးတာမှာ မိသားစုတွေကို တက်ရောက်နားထောင်ခွင့် မပြုဘူးလို့လည်း ဆိုပါတယ်။ ဒီအကြောင်းတွေကို ထိုင်း အခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

အင်းစိန်ထောင်မှာအထိန်းသိမ်းခံထားရတဲ့ ဦးဇင်းဇော်လတ် ခေါ် အရှင်ဥက္ကံသဟာ အခုဆိုရင် စစ်ကြောရေးစခန်းမှာ နှိပ်စက်ခံခဲ့ရတဲ့ဒဏ်ကြောင့် ကျောက်ကပ်ယောင်တဲ့ ဝေဒနာ ခံစားနေရပေမယ့်လဲ ထောင်အာဏာပိုင်တွေက ဆေးရုံမှာ ဆေးဝါးကုသခွင့် မပြုသေးဘူးလို့ မိသားစုတွေကပြောပါတယ်။

ရှင်ဥက္ကံသရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး မေးမြန်းစုံစမ်းထားတဲ့ လွတ်လပ်သော မွန် သတင်းအေဂျင်စီရဲ့အယ်ဒီတာ နိုင်အာကာကို မေးမြန်းခဲ့တာမှာ အခုလိုပြောပါတယ်။

“သူ့ညီမက တပတ်ကိုနှစ်ကြိမ် သူ့ကိုထောင်ဝင်စာသွားတွေ့တယ်။ အဲဒီအခါမှာ သူ့ညီမကို သူပြောပြထားတာရှိတယ်။ သူက ကြာကြာထိုင်လို့လည်းမရဘူးပေါ့။ စစ်ကြောရေးစခန်းမှာ ရိုက်နှက်ထားတာ။ အဲဒီဒဏ်တွေကိုခံနေရတာပေါ့။ သူ့ရောဂါအခြေအနေက ကျောက်ကပ် ယောင်တာ ခါးနာတာရှိတယ်ပေါ့။ ဆေးပဲ သောက်နေရသေးတယ်။ ဆေးရုံတော့ လောလောဆယ် တင်ခွင့်မရသေးဘူးပေါ့။”

၂ဝ၁ဝ နှစ်ဆန်းစမှာ အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင်တဲ့စာရွက်တွေ လက်ဝယ် တွေ့ရှိမှုနဲ့ အရှင်ဥက္ကံသ အဖမ်းခံခဲ့ရတာဖြစ်ပြီး လက်ရှိ အမှုရင်ဆိုင်နေရတဲ့အကြောင်းကို လည်း နိုင်အာကာက အခုလို ပြောပြပါတယ်။

“ထောင်ဝင်စာတွေ့တာက သူ့ညီမတစ်ယောက်ပဲ တွေ့တယ်။ တခြား ဘယ်သူမှ တွေ့ခွင့် မရှိဘူး။ သူ့အနားမှာတော့ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်။ သူ့ကိုရုံးတင်တာ ၇ ခါ လောက်ရှိတယ်ပေါ့။ ဒေါ်ခင်ဌေးကြွယ်ကနေ သူ့အမှုကို လိုက်ပေးနေတယ်။ အမှု ၃ မှုနဲ့ သူ့ကိုစွပ်စွဲထားတယ်။ တခုက Electronic ပုဒ်မရယ်။ နောက်တခုက တရားမဝင်ပုံနှိပ်တဲ့ ဥပဒေပုဒ်မရယ်။ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ ဥပဒေပုဒ်မ သုံးခုနဲ့ သူ့ကိုစွဲထားတယ်။”

အရှင်ဥက္ကံသကို မေလ ၁၄ ရက်နေ့ကနေစပြီး အင်းစိန်ထောင် တရားရုံးမှာ ၆ ကြိမ်တိုင် ရုံးတင် စစ်ဆေးပြီးဖြစ်ပေမယ့်လည်း ပြစ်ဒဏ်ချမှတ်ခြင်းမရှိသေးပါဘူး။ မိသားစုဝင်တွေကိုလည်း တရားရုံးမှာ ဝင်ရောက် နားထောင်ခွင့် မပြုဘူးလို့ နိုင်အာကာက ပြောပါတယ်။

၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှာ အရှင်ဥက္ကံသကို သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက် အတွင်းမှာ မြို့နယ်ရဲများကနေ ဖမ်းဆီးခဲ့ပြီး ယခုအချိန်ထိ အင်းစိန်အကျဉ်းထောင် တိုက် (၂)၊ အခန်း (၁) မှာ ချုပ်နှောင်ထားဆဲဖြစ်ပါတယ်။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းရွာဇာတိ သက်တော် ၂၈ နှစ်ရှိ အရှင်ဥက္ကံသဟာ မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံကျေးရွာ အောင်ဇေယျ ပရိယတ္တိစာသင်တိုက်မှာ လက်ထောက် စာချဆရာတော်တပါးဖြစ်ပြီး အဲဒီကျောင်းမှာ ၅ နှစ်ကျော် သီတင်းသုံးခဲ့ ပါတယ်။
အခုလတ်တလောအခြေအနေအရ မွန်ပြည်နယ်အတွင်းမှာဆိုယင် အရှင်ဥက္ကံသနဲ့ ပက်သက်နေတဲ့သူတွေကို စစ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပြီး ဦးဇင်းနဲ့နီးစပ်တဲ့ သူတွေလည်း ထွက်ပြေးတိမ်းရှာင်နေရတယ်လို့ဆိုပါတယ်။

စစ်အစိုးရအနေနဲ့ ၂ဝဝ၈ ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ ရဟန်းသံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေကို အမြဲတမ်း စောင့်ကြည့်နေပြီး လာမယ့်အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင်သွားမှာကိုလည်း အထူး စိုးရိမ်နေတယ်လို့ မွန်ရဟန်းပျိုတစ်ပါးကမိန့်ပါတယ်။

XS
SM
MD
LG