သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးတိုင်းတွင်း မြစ်ရေတိုးလို့ တာရိုးနှစ်ခုကျိုး


ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ညောင်တုန်းမြို့မှာ ပုဂ္ဂလိကအလှူရှင်တွေလာရောက် ကူညီတဲ့ စားစရာတွေကို ထွက်ယူနေတဲ့ အမျိုးသားတဦး
ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ညောင်တုန်းမြို့မှာ ပုဂ္ဂလိကအလှူရှင်တွေလာရောက် ကူညီတဲ့ စားစရာတွေကို ထွက်ယူနေတဲ့ အမျိုးသားတဦး

ပဲခူးတိုင်းမှာ ဧရာဝတီနဲ့ မြစ်မခမြစ်တို့ ရေတက်လာနေတဲ့အတွက် မြစ်တွေကို ကာရံထားတဲ့ တာရိုးနှစ်ခု စနေနေ့မနက် ၁ နာရီလောက်က ကျိုးသွား ပါတယ်။ ရေလွတ်ရာတိမ်းရှောင်နေရတဲ့ဒေသခံတွေအတွက် ဒုက္ခသည်စခန်းတွေကိုလည်း တိုးပြီး ဖွင့်ထားပေးရပါတယ်။ ဧရာဝတီတိုင်းမှာလည်း ရေကျမသွားသေးဘဲ ညောင်တုန်းမြို့မှာတော့ စိုးရိမ်ရေမှတ်အဖြစ် လိမ္မော်ရောင်အဆင့် သတ်မှတ်ခံထားရတာ (၆) ရက်မြောက် ရှိလာခဲ့ပါပြီ။ ရေလွှမ်းမိုးမှုသတင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတဝှန်း မိုးကြီးမှု၊ မြစ်ရေတိုးမှု၊ ကိုမန်ဆိုင်ကလုံး မုန်တိုင်းဝင်ရောက်မှုတွေကြောင့် တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲက ၁၂ ခုမှာ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ခံစားနေရတာပါ။ အခုအချိန်အထိ ဒေသခံအများစုဟာ ကိုယ်ထူကိုယ်ထ လုပ်ငန်းတွေနဲ့သာ ရေဘေးကို ခုခံနေရဆဲဖြစ်သလို စီမံခန့်ခွဲမှု အားနည်းနေဆဲဖြစ်လို့ အကူအညီတွေကလည်း တကယ်လိုအပ်နေတဲ့ကျေးရွာတွေက ရေဘေးသင့်ပြည်သူတွေဆီမရောက်ဘဲ အခြေအနေမျာ ရှိနေဆဲပဲလို့ ဆိုပါတယ်။ ပဲခူးတိုင်း သာသာဝတီမြို့နဲ့ သုံးဆယ်မြို့ကြားမှာတော့ ဧရာဝတီမြစ်နဲ့ မြစ်မခမြစ်တို့ကို အလျားလိုက် သဲအိတ်တွေနဲ့ ကာရံထားတဲ့ကြားက တာရိုးတဝိုက် နေရာ ၂ ခုကျိုးပေါက်သွားခဲ့ကြောင်း သာယာဝတီမြို့ခံတဦးက ပြောပါတယ်။

“ဧရာဝတီမြစ်ရိုးတာတဆက်ကျိုးသွားပါတယ်။ မြစ်မခမြစ်တာ တဆက်ကျိုးသွားပါတယ်။ ကျိုးသွားတော့ အဲဒိရေတွေက ဒီဘက်ကို နည်းနည်းလေး ထပ်ပြီးတိုးလာတာပေါ့နော်။ ဧရာဝတီမြစ်က တဆက်ကျိုးတယ်။ မြစ်မခမြစ်ကတော့ …… နားမှာ တချက်ကျိုးတယ်။ မိုးကမရွာပေမယ့် ရေတွေက ထပ်ထပ်တက်လာတာ။ တာမကျိုးခင်ကတော့ လယ်တွေမပျက်စီးဘူး။ အခုကျတော့ လယ်တွေ တော်တာ်များများ ပျက်စီးသွားတယ်။ တပတ်ကျော် သွားရင်တော့ အဲဒီစပါးတွေက သေသွားလိမ့်မယ်။ ဒုက္ခသည်စခန်းတွေ အများကြီး တိုးတယ်။ အခုဆို ၁၃ ခုရှိသွားပြီ။ လူဦးရေက ဒုက္ခသည် စခန်းကိုရောက်လာတာ ၃ ထောင်ကျော်။ ရေဘေးသင့်ပြည်သူဆိုပြီး ထုတ်ပြန်ကြေညာထားတာက ၃ သောင်းခွဲလောက်ရှိတယ်။”

ညောင်တုန်းမြိ့နယ်အတွင်း ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေရဲ့ လာရောက်ကူညီပေးမှုနဲ့ အစားအသောက်တွေအတွက် ကျေးဇူးတင်နေတဲ့ အဖွားအိုတဦး။
ညောင်တုန်းမြိ့နယ်အတွင်း ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေရဲ့ လာရောက်ကူညီပေးမှုနဲ့ အစားအသောက်တွေအတွက် ကျေးဇူးတင်နေတဲ့ အဖွားအိုတဦး။

ဒုက္ခသည်တွေ ပြေးလာနေဆဲဖြစ်ပြီး လောလောဆယ်မှာ တာရိုးကာရံရာမှာအသုံးပြုမယ့် သဲထည့်ဖို့ အိတ်တွေလိုအပ်နေပါတယ်။ သာယာဝတီမြို့မှာတော့ လယ်အတော်များများ ရေနစ်မြုပ်နေပြီး လယ်ယာသုံးနွားတွေလည်း အစားအစာလုံးဝပြတ်သွားတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းအတွင်းမှာတော့ မြန်အောင်၊ ကြံခင်း၊ ဟင်္သာတနဲ့ အင်္ဂပူမြို့တွေဘက်မှာလည်း ရေဘေးအတွက် စိုးရိမ်နေရသလို ညောင်တုန်းမြို့မှာတော့ တာရိုးမကျိုးအောင် တပ်အင်အား၊ မြို့ခံအုပ်ချုပ်ရေးအင်အားတွေနဲ့ နေ့ညမပြတ် စောင့်ကြည့်နေပါတယ်။ ဒါပေမယ့်လည်း (၆) ရက်မြော်ကနေ့အဖြစ် ထုတ်ပြန်ထားတဲ့ လိမ္မော်ရောင်သတိပေးချက်ကို ပြန်လည်ရုပ်သိမ်းပေးနိုင်ခြင်းမရှိသေးကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစီးမှူးတဦးဖြစ်တဲ့ ဒေါ်သန်းသန်းစိုးက ပြောပါတယ်။

“ကျန်ခဲ့တဲ့ ၂ နာရီလောက်က ၂၅.၆၅ ဆိုပြီးတော့ အခု ၃ နာရီထိုးတဲ့အထိ ၂၅.၇ ပေါ့ - ရေ level က နိမ့်လိုက်၊ မြင့်လိုက်တော့ ဖြစ်နေသေးတယ်။ လိမ္မော်ရောင်အဆင့်လို့တော့ သတ်မှတ်ထားသေးတာပဲ။ ကျမတို့ဆီက စိုးရိမ်ရေမှတ်က ၂၂.၄။ အခုက ၂၅ ကျော်နေတော့ ၂၅.၇ ဖြစ်နေတော့ ဒီအတိုင်းပဲ လိမ္မော်ရောင်အဖြစ် သတ်မှတ်ထားပါတယ်။”

ပဲခူးတိုင်းမှာတော့ မီဒီယာတွေ အရောက်အပေါက်နည်းတဲ့နေရာဖြစ်နေတဲ့အတွက်ကော၊ အုပ်ချုပ်ရေးအဖွဲ့တွေက ကာကွယ်စောင့်ရှောက်မှု အားနည်း တာကြောင့်ပါ ဒေသခံတွေ ကိုယ်ထူကိုယ်ထ လုပ်နေရတာ အဆင်မပြေဘူးလို့ သာယာဝတီမြို့ခံက ဆိုပါတယ်။ ဒါပေမယ့် မြစ်ရေဆက်တက်လာ နေတဲ့အတွက် ဧရာဝတီတိုင်းအတွက်လည်း စိုးရိမ်စရာရှိတယ်လို့ ဆိုပါတယ်။

“ညောင်တုန်းက နောက်ဆုံးခံစစ်ဖြစ်လိမ့်မယ်။ ညောင်တုန်းအတွက်က ကျနော် တော်တော်စိုးရိမ်တယ်။ ကျနော်တို့နေရာမှာတောင် ဒီလောက်ဖြစ်တယ် ဆိုရင် ညောင်တုန်း စကြာ-ညောင်တုန်းက တော်တော်ခံရမယ်ဗျ။ အဲဒါလည်းသူတို့တွက်ကြည့်တယ်.။ အဲဒီတော့ မီဒီယာနဲ့လည်း တအားနီးတော့ သူကြောက်တယ်၊ အဲဒီနေရာကျတော့လေ။ ကျနော်တို့ဆီမှာ မီဒီယာနဲ့ တာကျိုးတဲ့နေရာနဲ့တွေ့ဖို့က ၁၀ မိုင်လောက်လိုတယ်။ ၁၀ မိုင်လောက်သွားမှ ရောက်တာလေ။ ၁၀ မိုင်လောက်သွားမှရောက်တော့- ဟိုမှာကျတော့ ညောင်တုန်းမှာကျတော့ ဝုန်းကနဲတက်လာလည်း အဲဒီမှာ မီဒီယာအများကြီးရှိတယ်။ ကမ္ဘာကလည်း စောင့်ကြည့်နေတယ်။ အဲဒိမှာသူတို့ ဘာမှ လုပ်မထားဘူးဆိုရင်၊ လုပ်နေတာကိုပဲ မြင်အောင်လို့ for show တော့ သူတို့ လုပ်တတ်တယ်လေ။”

ရေပတ်လည်ဝိုင်းနေတဲ့ ညောင်တုန်းမြို့မှာ သောက်ရေရှားပါးပြတ်လပ်နေတဲ့အခြေအနေ။
ရေပတ်လည်ဝိုင်းနေတဲ့ ညောင်တုန်းမြို့မှာ သောက်ရေရှားပါးပြတ်လပ်နေတဲ့အခြေအနေ။

ငဝန်မြစ်နဲ့ ဧရာဝတီမြစ်ရေတွေဟာ စိုးရိမ်ရေအမှတ်ကျော်သွားဖြစ်ဖြစ်လို့ မြစ်ဝကျွန်းပေါ်ဒေသမှာ ရင်ဆိုင်ရမယ့် ရေဘေးဒုက္ခအခြေအနေတွေ ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ခွာကြဖို့ သမ္မတဦးသိန်းစိန်က မနေ့က ရေဒီယိုမိန့်ခွန်းမှာ ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ကတည်းက ဖြစ်လာနေတဲ့ ရေဘေးနဲ့ပတ်သက်လို့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ သတိပေးမှုတွေနဲ့ တာဝန်ယူမှုတွေ အားနည်းနောက်ကျ နေတာကြောင့်လည်း အစိုးရအပေါ် ဝေဖန်မှုတွေ ရှိလာခဲ့တာပါ။ အခုအခါမှာတော့ ရေဘေးကြောင်သေဆုံးသူ (၉၀) ကျော်သွားပြီဖြစ်ပြီး ရေဘေးသင့်သူ ၆ သိန်းကျော်တယ်လို့ အစိုးရက တရားဝင်ကြေညာထားပါတယ်ရှင်။

XS
SM
MD
LG