သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ ရွှေ့ဆိုင်းမည်မဟုတ်


ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra.
ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra.
ထိုင်းနိုင်ငံမှာ အတိုက်အခံတွေရဲ့ ဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့အတူ ရွေးကောက်ပွဲ ကော်မရှင်က ရက်ရွှေ့ဖို့ တိုက်တွန်းထားပေမဲ့ အစိုးရကတော့ ရှေ့လာမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲတွေ ကျင်းပမှာဖြစ်တဲ့အကြောင်း ပြောလိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra နဲ့ အစိုးရအဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက်မှာပဲ ကြေညာချက် ထွက်ပေါ်လာတာပါ။ ဝန်ကြီးချုပ်ကတော့ လူထုရဲ့ အခွင့်အရေးကို ဦးစားပေးဖို့က အရေးကြီးတဲ့ အကြောင်းနဲ့ ရွေးကောက်ပွဲတွေကို ရက်ရွှေ့ဖို့လည်း သူ့မှာ အခွင့်အာဏာ မရှိဘူးလို့ ပြောခဲ့ပါတယ်။

ဘန်ကောက်မြို့တော်မှာ အတိုက်အခံတွေ ဆန္ဒပြနေကြတာ ၃ ရက်မြောက်လာတဲ့နေ့မှာပဲ ကျင်းပခဲ့တဲ့ ဒီကနေ့ အစည်းအဝေးကိုတော့ အဓိက အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တွေက မတက်ခဲ့ကြပါဘူး။ မျှော်လင့်ထားတဲ့အတိုင်း အတိုက်အခံ ခေါင်းဆောင် Suthep Thaugsuban ကတော့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဝန်ကြီးချုပ် ရာထူးက ဆင်းမပေးမချင်း ရွေးကောက်ပွဲတွေ မကျင်းပသင့်ဘူးဆိုပြီး အစိုးရရဲ့ ကြေညာချက်ကို ပယ်ချခဲ့ပါတယ်။

နိုင်ငံရေး တင်းမာမှုတွေ ကြီးထွားလာနေချိန်မှာပဲ သွေးထွက်သံယို ပဋိပက္ခ အနည်းအကျဉ်း ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ အတိုက်အခံတွေ သပိတ်စခန်း ဖွင့်လှစ်ထားတဲ့ ဘန်ကောက်မြို့က ကုန်တိုက်တခုအနီး ဒီကနေ့ အစောပိုင်းက ပစ်ခတ်မှုတခု ဖြစ်ပွားရာမှာလည်း အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ထိခိုက်ဒဏ်ရာ အနည်းအကျဉ်း ရခဲ့တဲ့အကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း Abhisit Vejjajiva ရဲ့ အိမ်ခေါင်မိုးပေါ်ကိုလည်း မီးရှုးမီးပန်းလို ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတခုနဲ့ အပေါက်ခံခဲ့ရတဲ့အတွက် ရဲက စုံစမ်းနေပါတယ်။ မနေ့ညပိုင်းက တိုက်ခိုက်မှုကြောင့် နေအိမ်ခေါင်မိုး အနည်းငယ် ပျက်စီးသွားခဲ့ပေမဲ့ ဝန်ကြီးချုပ်ဟောင်းကတော့ အခင်းဖြစ်ပွားချိန် အိမ်မှာမရှိသလို တခြားသူတွေလည်း အနာတရ ဖြစ်တာမျိုးတော့ မရှိခဲ့ပါဘူး။
XS
SM
MD
LG