သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀င်ငွေခွန်များ လျှော့ချပေး


၀င်ငွေခွန်များ လျှော့ချပေး
၀င်ငွေခွန်များ လျှော့ချပေး

နိုင်ငံခြားဝင်ငွေ ရနေတဲ့ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းတွေနဲ့ ပြည်တွင်း ပြည်ပ နိုင်ငံသားတွေ ပေးဆောင်နေကြရတဲ့ ဝင်ငွေခွန်ကို လျှော့ချ ပေးဆောင်ဖို့ မြန်မာအစိုးရရဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဝန်ကြီးရုံးက ဒီနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အခုပေးဆောင်နေကြရတဲ့ ဝင်ငွေခွန် ၁၀% ကို လျှော့ချပြီး ၂% သာ ပေးဆောင်ကြရတော့မှာ ဖြစ်ပေမဲ့ ဒီဝင်ငွေခွန် လျှော့ချတဲ့ ကာလသက်တမ်းကလည်း ၆ လပဲဖြစ်တယ် ဆိုတာကို ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီနေ့ သြဂုတ်လ ၁၈ ရက် ကြာသပတေးနေ့က စပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ၆ လအတွင်း ဝင်ငွေခွန်တွေကို ၁၀% ကနေ ၂% အထိ လျှော့ချ ကောက်ခံမယ်လို့ မြန်မာအစိုးရရဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ဒီနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ခဲ့တာပါ။ ဒါဟာ ပြည်တွင်းမှာရှိနေတဲ့ အထည်ချုပ် စက်ရုံတွေ၊ ပြည်ပကိုရောက်ပြီး အလုပ်လုပ်နေကြသူတွေ အတွက် အားလုံး အကျုံးဝင်ပါတယ်။

အခု အခွန်လျှော့ချလိုက်တဲ့ ကာလသက်တမ်းဟာ လတ်တလောမှာ ၆ လ ဆိုပေမဲ့ ဝင်ငွေခွန် ပေးနေရတဲ့ သူတွေအဖို့ တစုံတရာ အဆင်ပြေသွားနိုင်သလို အစိုးရရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး စီမံကိန်းတွေအတွက် ခြေလှမ်းသစ်တွေ ဖြစ်တယ်လို့ စီးပွားရေး ပညာရှင် ဦးခင်မောင်ညိုက ပြောပါတယ်။

“ဝင်ငွေခွန်ကို ၁၀% ပေးဆောင်နေတဲ့ အထည်ချုပ် လုပ်ငန်းတွေ အကျိုးခံစားခွင့် ရှိမယ်။ နောက်တခုက ပြည်ပရောက်နေတဲ့ သူတွေက နိုင်ငံခြားကနေ ငွေလွှဲရင် ၁၀% ဖြတ်ခံရတယ်၊ ဝင်ငွေခွန် ဆောင်ရတယ်။ အဲဒါ အခုဆိုရင် ၂% ပဲ ဆောင်ရမယ်။ နောက် သင်္ဘောသားတွေ၊ သူတို့ အုပ်စု ၃ ခု အကျိုးခံစားခွင့် ရှိပါမယ်။

“နိုင်ငံခြားကနေ ငွေလွှဲတာတွေက တရားဝင် လမ်းကြောင်းကနေ လွှဲတာတွေလည်း ဖြစ်လာနိုင်တယ်လို့ ဆရာ ယူဆတယ်။ ခါတိုင်းက ဟွန်ဒီလွှဲနေရာကနေ အခု တရားဝင်လွှဲဖို့ အဆင်ပြေလာမယ်လို့ ဆရာကတော့ မျှော်လင့်တယ်။ သမ္မတကြီးက လျှော့သင့်လျှော့ထိုက်တာတွေ လျှော့ပေးဦးမယ်လို့ မနေ့ကပဲ ပြောတာလေ။ ဒါ တရက်အတွင်း အကောင်အထည် ပေါ်တာပဲ။”

စီးပွားရေး ပညာရှင် ဦးခင်မောင်ညို ပြောပြသွားတာ ဖြစ်ပါတယ်။

အခုဆိုရင် ပြည်တွင်းက အထည်ချုပ်လုပ်ငန်း တော်တော်များများဟာ ပြည်တွင်းမှာ ဒေါ်လာဈေး အဆမတန် ကျနေတာမို့ အဆင်မပြေ ဖြစ်နေကြတဲ့အချိန် အခုလို ဝင်ငွေခွန် လျှော့ချလိုက်တဲ့အတွက် သူတို့အဖို့ သက်သာရာ ရစေမှာ အမှန်ဖြစ်သလို ပြည်ပမှာ အလုပ်တွေ ထွက်လုပ်နေကြပြီး သက်ဆိုင်ရာ နိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေမှာ ဝင်ငွေခွန် ပေးဆောင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေကတော့ ဒီသတင်းကို ကြိုဆိုကြပါတယ်။

အခု စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေလို့ လစဉ် ဝင်ငွေခွန် သံရုံးကို ပေးဆောင်နေရတဲ့ မစုမွန်ကတော့ ဒီအတိုင်းသာဆိုရင် သူတို့အတွက် ပေးဆောင်နေရတဲ့ အခွန် တဝက်လောက် သက်သာသွားမယ်လို့ ပြောပါတယ်။

“စင်ကာပူအရဆိုရင် အလုပ်လုပ်တဲ့ Category ၂ မျိုးရှိတယ်။ တခုက SPass၊ နောက်တခုက EP၊ နောက်တခုကတော့ Permanent Resident ရထားတဲ့ PR တွေပေါ့။ အဲဒီလိုဟာမျိုးတွေမှာ SPass သမားတွေကိုဆိုရင် တလကို ၈၀ နှုန်း၊ EP နဲ့ PR ကတော့ တလကို ၁၂၀ နှုန်းပေါ့။ အဲဒါက လခ ဘယ်လောက်ပဲ ရနေ ရနေ ဒီလိုမျိုး သတ်မှတ်ထားတယ်။

“၄၀ လောက်ပဲ ဆောင်ရမယ်ဆိုတော့ အရင်တုန်းက ဆောင်ရတာ ၈၀ ဆိုတော့ ၄၀ ဆိုရင် တဝက်လောက် ကျသွားတာပေါ့။ ပြီးတော့ EP သမားတွေအတွက် ဆိုရင်လည်း ၃,၀၀၀ ဆိုရင် ၆၀ ပဲကျတော့မယ်။ အရင်တုန်းက ၁၂၀ ကနေ ၆၀ ဆိုရင် အခု တဝက် သက်သာသွားတဲ့ သဘောပေါ့။”

အခု ဝင်ငွေခွန်ကို လျှော့ချလိုက်တဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေကြတဲ့ သင်္ဘောသားတွေလည်း ပါဝင်ပါတယ်။ ရေမြေရပ်ခြားမှာ အလုပ်သွားလုပ်ပြီး ကိုယ့်နိုင်ငံထဲကို ငွေပြန်ပို့တဲ့သူတွေ အဖို့ အခု မြန်မာပြည်ထဲမှာ ဒေါ်လာဈေး အဆမတန် ကျတာဟာ သူတို့အတွက် အတော်လေး အဆင်မပြေတာမျိုး ကြုံနေကြရပါတယ်။

“တော်တော်နစ်နာပါတယ်။ ပထမတုန်းက ကျမ ကျောင်းစတက်တုန်းကဆိုရင် စင်ကာပူဒေါ်လာဈေးက ၈၀၀ ကို တော်တော်ကျော်ပြီး ၉၀၀ နီးပါးလောက် ရှိတယ်။ ဒါပေမဲ့ အခု ဒီနေ့ ငွေဈေးက ၆၀၀ ပဲ ကျန်တော့တယ်။ အဲတော့ ကိုယ်ကျောင်းပြီးလို့ အိမ်ကိုပြန်ပို့တော့မယ့် အချိန်ကျတော့ သုံးချိုးတချိုးလောက် ကျသွားတာဆိုတော့ မလွယ်တော့ဘူး။

“မြန်မာပြည်မှာကျတော့လည်း ကုန်ဈေးနှုန်းက ဒေါ်လာဈေးသာကျတယ်၊ ကုန်ဈေးနှုန်းက ကျမှမကျတာ။ အဲတော့ ရန်ကုန်မှာ ကုန်ဈေးနှုန်းကလည်း နဂိုအတိုင်းပဲဆိုတော့ အရင်တုန်းက သုံးတဲ့ Amount ကို ရဖို့အတွက်ဆိုရင် ဒီဘက်က ပိုရှာပြီး ပိုပြီး ပို့ရသလိုပဲ။”

စင်ကာပူနိုင်ငံက မစုမွန် ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ပြည်တွင်းမှာ ဒေါ်လာဈေးတွေကျပြီး မြန်မာကျပ်ငွေတန်ဖိုး မြင့်နေတဲ့အတွက် ပို့ကုန်လုပ်ငန်းတွေ ထိခိုက်မှု မရှိရလေအောင် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ၆ လ ကုန်သွယ်ခွန် လျှော့ချပေးတာတွေ ကြေညာခဲ့ပြီး ဒီနေ့ ဝင်ငွေခွန်တွေကိုလည်း ၆ လ လျှော့ကောက်မယ်လို့ ကြေညာခဲ့တာပါ။

ဒါ့အပြင် မနက်ဖြန် သြဂုတ်လ ၁၉ ရက်၊ သောကြာနေ့မှာတော့ နိုင်ငံတော် စီးပွားရေးနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွေကို ပထမဆုံး အကြိမ်အဖြစ် နေပြည်တော်မှာ ကျင်းပဖို့ ရှိပါတယ်။

XS
SM
MD
LG