သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းတော်က ဂျပန်မြေအောက်ဆေးရုံဟောင်း ပြန်လည်တူးဖော်


အင်းတော်မြို့ (Google map)
အင်းတော်မြို့ (Google map)

ဒုတိယကမ္ဘာစစ်ကာလက အသုံးပြုခဲ့တဲ့ ဂျပန်စစ်တပ်ရဲ့ မြေအောက်စစ်ဆေးရုံ တစ်ခုကို စစ်ကိုင်းတိုင်းဒေသကြီးမှာ တွေ့ရှိထားပြီး ဒေသတွင်း ခရီးသွားလုပ်ငန်းမှာ ပြည်တွင်းပြည်ပခရီးသည်တွေကို ဆွဲဆောင်နိုင်ရေးအတွက် တူးဖော်ဖို့ ပြင်ဆင်နေပါတယ်။ ဒီဂျပန်မြေအောက် စစ်ဆေးရုံကို ဖော်ထုတ်နိုင်ရင် စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့က ထင်ရှားတဲ့ စာရေးဆရာကြီး ဂျော့အော်ဝဲလ်ရဲ့နေအိမ်၊ မော်လူးမြို့က White City ခေါ် ခံတပ်နဲ့ အတူ မာန်လည်ကျောင်းတိုက်၊ ဇလုံတောင် စတာတွေနဲ့ ခရီးသွားတွေကို ဖိတ်ခေါ်ဖို့ မျှော်လင့်နေကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဂျပန်စစ်တပ်က ဒုတိယကမ္ဘာစစ်ကာလမှာ အသုံးပြုခဲ့တဲ့ မြေအောက်စစ်ဆေးရုံဟာ အင်းတော်မြို့ မေတ္တာရပ်ကွက်အနီးမှာ တွေ့ရှိထားတာဖြစ်ပြီး အင်္ဂလိပ်နဲ့ တိုက်ခိုက်ခဲ့တဲ့ အင်ဖာစစ်ပွဲမှာ ဒဏ်ရရတဲ့ ဂျပန်စစ်သည်တွေကို လေယာဉ်နဲ့ သယ်ယူကုသခဲ့တဲ့နေရာအဖြစ် ဒေသခံတွေက ယူဆထားပါတယ်။

မြေအောက်စစ်ဆေးရုံကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုအရ ဒီလ ၂၅ရက်နေ့ကရှာဖွေတွေ့ရှိခဲ့ကြောင်း အင်းတော်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက အခုလို ပြောပါတယ်။

“ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တွေကနေပြီးတော့မှ လျှို့ဝှက်ဆေးရုံ၊ မြေအောက်ဆေးရုံ တည်ဆောက်ခဲ့တယ်လို့ ကြားနေတာကြာပါပြီဗျာ။ရှိလည်းရှိပါတယ်။ အဲလိုရှိနေတော့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကနေ ဦးဆောင်ပြီးတော့မှ Eco Torism ကို ပုံဖော်မယ်ဆိုတော့ ပူးပေါင်းပုံဖော်ကြဖို့ အဲလို စိတ်ကူးရတာနဲ့ အဲဒါ ရှာရင်းနဲ့ အခု တွေ့တာပါဗျ။ နိုင်ငံအကြီးအကဲအဆင့်တွေ သက်ဆိုင်ရာဝန်ကြီးဌာနတွေ လာတဲ့အခါ ကြည့်နိုင်အောင် ကားလမ်းဖောက်တဲ့အခါ ဆေးရုံလို့ ပြောတဲ့ အုတ်ရိုးတစ်ခုကို ပြန်တွေ့တာပေါ့ နော်။ အဲဒီမှာ ကျနော်တို့က ကျနော်တို့ ဆက်တူးနေရင် ပျက်ဆီးကုန်မှာ စိုးလို့မို့ အဲဒီအစပိုင်းပဲ ထားပြီးတော့မှ သက်ဆိုင်ရာ ဝန်ကြီးဌာနက လာပြီးတော့ စူးစမ်းနိုင်အောင် ရပ်ထားပါတယ်ခင်ဗျ။ ”

ဂျပန်မြေအောက်စစ်ဆေးရုံလို့ ယူဆရတဲ့ အစိတ်အပိုင်းအချို့ကို ဒေသ အာဏာပိုင်တို့က တူးဖော်တွေ့ရှိထားပြီး၊ ကျန်အစိတ်အပိုင်းအားလုံးကိုတော့ ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ညိနှိုင်းတူးဖောက်သွားမယ်လို့ သိရပါတယ်။

အင်းတော်က ဂျပန်မြေအောက်ဆေးရုံကို တူးဖော်နိုင်ခဲ့ရင်အခြား ဒုတိယကမ္ဘာစစ်က ထင်ရှားတဲ့ အထိမ်းအမှတ်နေရာတွေနဲ့အတူ နိုင်ငံတကာ လေ့လာသူတွေ၊ ခရီးသွားတွေ ကို ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ဦးသန်းဝင်းက ပြောပါတယ်။

“ ကျနော်တို့ ကသာမှာကျတော့ ဂျော့အော်ဝဲလ်ရဲ့ အိမ်ကြီးရှိသေးတာကိုးဗျ။ စာရေးဆရာကြီး လေ။ သူနေသွားတဲ့ အိမ်ကြီးရှိမယ်။ အဲဒီအိမ်ကြီးက တဆင့် ကျနော်တို့ အင်းတော်ဆေးရုံကို လာလေ့လာနိုင်တယ်။ နောက်ပြီးတော့ ကျနော်တို့ အင်းတော်ကနေ ၅မိုင်ဝေးတဲ့ ပေပင်မှာ ဂျပန်စစ်လေယာဉ်ကွင်းတွေ ရှိမယ်။ အဲဒါတွေကို လေ့လာနိုင်မယ်။ နောက်ပြီးတော့မှ ကျနော်တို့ မော်လူးမှာ White City ခေါ်တဲ့ Chindits ခံတပ်ကြီးပေါ့ဗျာ။ အဲဒါကို လေ့လာနိုင်မယ်။ အဲဒါကတော့ ပြည်ပခရီးသွားတွေကို ဆွဲဆောင်မယ့် အခန်းကဏ္ဍတခုလို့ တိုင်းဒေသကြီးအစိုးရက မြင်ထားတာပေါ့လေ။”

ပြည်တွင်းခရီးသွားတွေအတွက်ဆိုရင် မာန်လည်က မာန်လည်ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်နဲ့ ပြတိုက်နဲ့ ဗန်းမောက်က ဇလုံတောင်၊ အင်းတော်က မြန်မာပြည်မှာ တတိယအကြီးဆုံးရေချိုအိုင်ဖြစ်တဲ့ အင်းတော်လေးရေအိုင်စတာတွေဟာ အထင်ကရရှိကြောင်း ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက အင်းတော်မြို့က ဂျပန်စစ်ဆေးရုံကို တူးဖော်နိုင်ဖို့အတွက် ကွင်းဆင်းလေ့လာဖို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန (စစ်ကိုင်းဌာနခွဲ)ကို ညွှန်ကြားထားကြောင်း စစ်ကိုင်းဌာနခွဲက လက်ထောက်ညွှန်ကြားရေးမှုး ဦးတင်မောင်ထွေးက ပြောပါတယ်။

“ အကိုတို့ဆီလည်း ဒီနေ့မှ စာဝင်လာတာ။ အကိုတို့ဌာနကို တိုင်းဒေသကြီးက ကွင်းဆင်းကြည့်ဖို့ ဆို ညွှန်ကြားတာက စာဝင်လာတာ။ အကိုတို့ဘက်ကနေ ကွင်းဆင်းကြည့်မယ်။ တွေ့ရှိချက်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ၊ အကိုတို့ ဝန်ကြီးဌာနကို တင်ပြပေးရမယ်။ အဲဒီတင်ပြချက်ကိုမှ သူတို့ တူးမယ်ဆိုလည်း ဆက်တူး၊ သူတို့ ညွှန်ကြားချက်ကို အကိုတို့က ဆက်လုပ်ပေးရမှာပေါ့။”

အင်းတော်မြို့က ဂျပန်စစ်ဆေးရုံဟာ ၁၉၄၂ခုနှစ်ကနေ ၄၄ခုနှစ်အတွင်း အသုံးပြုခဲ့ကြောင်း နဲ့ မော်လူးက ဗိုလ်မှုးချုပ် ဝင်းဂိတ်တည်ထောင်တဲ့ White City ခံတပ်မြို့ကိုတော့ ၁၉၄၄ခုနှစ်မှာ တည်ဆောက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းတချို့မှာ ဖော်ပြထားပါတယ်။ ဒီဒေသတွေကို အရင်ကဂျပန်အရိုးကောက်အဖွဲ့တွေ လာရောက်လေ့ရှိပြီး နှစ်စဉ်လို ကျဆုံးစစ်သည်တွေအတွက ်ဆုတောင်းတာတွေ ရှိသလို မော်လူးမြို့ White City ခံတပ်မြို့မှာ Chindit ပြတိုက်နဲ့ ကျောက်တိုင်တွေ ဖွင့်လှစ်၊ စိုက်ထူထားတာတွေ ရှိပါတယ်။

XS
SM
MD
LG