သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှန်တဲ့ လွတ်လပ်ရေးအတွက် ညီညွတ်ကြဖို့ ဒေါ်စု တိုက်တွန်း


၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား NLD ရုံးချုပ်တွင် ကျင်းပနေစဉ်။ ဇန်နဝါရီ ၄၊ ၂၀၁၁။
၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား NLD ရုံးချုပ်တွင် ကျင်းပနေစဉ်။ ဇန်နဝါရီ ၄၊ ၂၀၁၁။

မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင် ကြိုးပမ်းမှုနဲ့ ဗြိတိသျှ အုပ်ချုပ်မှု လက်အောက်ကနေ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တာမို့ ဒီနေ့ဟာ နှစ်ပေါင်း ၆၃ နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုး လွတ်လပ်ဖို့အတွက် အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြဖို့ လိုအပ်ပြီး ကိုယ်ကိုယ်တိုင်ကလည်း ကြိုးစားဆောင်ရွက်ဖို့ လိုအပ်ပါတယ်လို့ ဒီကနေ့ NLD ရုံးချုပ်မှာ ကျင်းပတဲ့ ၆၃ နှစ်ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ရန်ကုန် NLD ရုံးချုပ်မှာ လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပခဲ့သလို နိုင်ငံရေးနဲ့ စီးပွားရေး ကြေညာစာတမ်းတွေကို NLD ပါတီက ထုတ်ပြန်ခဲ့ပြီး စေတနာရှင်တွေ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို တဖက်တလမ်းက ကူညီထောက်ပံ့နိုင်မယ့် အစီအစဉ်တွေကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၆၃ နှစ်ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တာပါ။ လွတ်လပ်ရေးဆိုတာ အားလုံးနဲ့ သက်ဆိုင်တာကြောင့် စစ်မှန်တဲ့ လွတ်လပ်ရေး ရဖို့အတွက် အားလုံးက ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုတဲ့အကြောင်း NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

“ဒီလွတ်လပ်ရေးကို အားလုံးရဖို့ ဆိုတာက ကျမတို့ ညီညွတ်ဖို့ လိုပါတယ်။ ဒါဟာ တကယ်တော့လည်း ထူးထူးထွေထွေ ရှင်းပြဖို့လိုတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကျမတို့ အနေနဲ့ မကြာခဏ သတိပေးရပါတယ်။ လွတ်လပ်ချင်တယ်၊ တိုးတက်ချင်တယ်ဆိုရင် ကိုယ်ကစပြီး ကြိုးစားရမယ်။ တခြားလူတွေ ဘာလုပ်နေသလဲ ဆိုတာ မကြည့်ပါနဲ့။ ဒါလည်း ထပ်တလဲလဲ ပြောနေရတဲ့ ကိစ္စပါ။”

ဒါ့အပြင် တိုင်းသူပြည်သားတွေ စိုးရိမ်သောကတွေက ကင်းဝေးပြီး တကယ့်လွတ်လပ်တဲ့ အရသာကို ခံစားနိုင်အောင် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အားလုံးက ဝိုင်းဝန်း လုပ်ဆောင်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အခမ်းအနား သဘာပတိဖြစ်တဲ့ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကလည်း လွတ်လပ်ရေး ရဖို့အတွက် ဗိုလ်ချုပ်ဆောင်ဆန်း ဦးဆောင်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ပင်လုံညီလာခံခေါ်ပြီး ပြည်ထောင်စု တိုင်းရင်းသားတွေ အားလုံး သွေးစည်းညီညွတ်မှုရအောင် လုပ်ဆောင်ခဲ့တာကြောင့် ဖြစ်တယ်ဆိုတဲ့ သမိုင်းကြောင်းကို အစချီ ပြောကြားပြီး လက်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်တဲ့ နေရာမှာလည်း တိုင်းရင်းသားတွေ အားလုံး စည်းလုံး ညီညွတ်မှုရှိဖို့ လိုတဲ့အကြောင်း ဆက်ပြောသွားတယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။

“အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နိုင်ငံရေးပါတီတွေ အားလုံး ကြိုးပမ်းနေကြတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေးမှာလည်း တိုင်းရင်းသားများ ညီညွတ်ရေးဟာ အလွန် အရေးပါတယ်။ ဒါကြောင့် တိုင်းရင်းသား ညီညွတ်ရေးကို ရှေ့ခေါင်းဆောင်များရဲ့ ကျင့်ထုံးအတိုင်းပဲ ဆက်လက်ပြီးတော့ ကျနော်တို့ ကြိုးပမ်းသွားကြရမယ်။

“နောက် မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့နိုင်ငံ ဖြစ်တယ်။ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံမှာ လွတ်လပ်ရေးရပြီး ၆၃ နှစ် ရောက်တဲ့တိုင်အောင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေတာဟာ မဖြစ်ကောင်းတဲ့ အခြေအနေပဲ ဖြစ်တယ်။ ဒါကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် နိုင်ငံရေးအရ စည်းလုံးညီညွတ်အောင် အမျိုးသား ညီညွတ်ရေး တည်ဆောက်ဖို့ လိုတယ်။ ဒါကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင် ကြိုးပမ်းပြီးတော့ တိုင်းရင်းသားတွေ အားလုံး တစိတ်တဝမ်းတည်း ညှိနှိုင်းကြဖို့ လိုအပ်တယ်လို့ သဘာပတိဖြစ်တဲ့ ဦးတင်ဦးက မိန့်ခွန်း ပြောပါတယ်။”

ဒီကနေ့မှာပဲ NLD က နိုင်ငံရေး ကြေညာချက်နဲ့ စီးပွားရေး သုံးသပ်ချက် စာတမ်းတို့ကို ထုတ်ပြန်ခဲ့ပါတယ်။ NLD က ထုတ်ပြန်တဲ့ နိုင်ငံရေး ကြေညာစာတမ်းပါ အကြောင်းအရာတွေကို ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။

“တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မှန်မှန်ကန်ကန် အရှိအတိုင်း ရှုမြင်နိုင်မှသာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမယ်လို့ အဲဒီလို သမိုင်းနဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေ တင်ပြပြီးနောက် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် နိုင်ငံရေး အဓိပ္ပာယ် ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးပွဲများ အထမြောက် အောင်မြင်ဖို့ လိုအပ်တယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဟာ တာဝန်ရှိတာနဲ့အညီ အောက်ပါ နိုင်ငံရေး အခြေအနေကောင်းများကို ဖန်တီးပေးဖို့ လိုအပ်တယ်။

“အဲဒါတွေကတော့ ဒီမိုကရေစီ အင်အားစုများဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရမယ်။ တိုင်းပြည်မှာ အမှန်တကယ် ကြုံတွေ့နေရတဲ့ အထွေထွေ အကျပ်အတည်းများကို ဖြေရှင်းနိုင်ဖို့အတွက် အဆုံးအဖြတ် ပေးနိုင်တဲ့ ပုဂ္ဂိုလ်များ ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရမယ်။ တိုင်းရင်းသား လူမျိုးများ မပါဝင်ဘဲနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို တည်ဆောက်နိုင်မှာ မဟုတ်တဲ့ အတွက်ကြောင့် အမျိုးသား ရင်ကြားစေ့ရေးကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြပါလို့ အခုလို လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်ကြီးမှာ လေးနက်စွာ တောင်းဆိုကြောင်း တင်ပြထားပါတယ်။”

စီးပွားရေး သုံးသပ်ချက် စာတမ်းထဲမှာတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ အင်မတန် ဆိုးရွားနေတာကြောင့် ပြည်သူအများစုဟာ အထွေထွေ ကုန်ဈေးနှုန်း ကြီးမားတဲ့ဒဏ်ကို ခံနေကြရတဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုနဲ့ ရင်ဆိုင်နေကြရတာ၊ အခုလို ကုန်ဈေးနှုန်း ကြီးနေရခြင်းရဲ့ အကြောင်းရင်းဟာ အစိုးရက ငွေစက္ကူတွေကို အထိန်းအကွပ်မရှိ ရိုက်နှိပ် ထုတ်ဝေနေတဲ့ အတွက်ကြောင့် ဖြစ်တယ်၊ နောက် လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးတယ် ဆိုပေမဲ့ အခွင့်ထူးခံ လူတချို့ကိုသာ စီးပွားရေး အခွင့်အလမ်းတွေ ပေးနေတာကြောင့် လက်ဝါးကြီးအုပ် စီးပွားရေးစနစ် ဖြစ်ထွန်းနေတာကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နောက် တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေကို ဈေးနှိမ်ပြီး အတင်းအဓမ္မ ဝယ်ယူနေတာကြောင့် လယ်သမားတွေ လုပ်ငန်း ထိခိုက်နေတဲ့အကြောင်း၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုကို ထည့်သွင်း မစဉ်းစားဘဲ ဆည်မြောင်း၊ တာတမံတွေ တည်ဆောက်နေတာကြောင့်လည်း တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးမြေတွေကို ထိခိုက်စေသလို ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အသုံးစရိတ်တွေ အင်မတန် နည်းနေတာကြောင့် လူသားစွမ်းအင် ဖွံ့ဖြိုးမှု နိမ့်ကျနေတယ်လို့ အဲဒီ စီးပွားရေး သုံးသပ်ချက် စာတမ်းမှာ ဖော်ပြထားပါတယ်။

အခမ်းအနားပြီးတဲ့ နောက်မှာတော့ NLD က လက်ရှိ ကူညီ ထောက်ပံ့ပေးနေတဲ့ နိုင်ငံရေး အကျဉ်းသား ၁,၀၀၀ ကျော်ကို တခြား စေတနာရှိသူတွေလည်း ကူညီထောက်ပံ့နိုင်အောင် သူတို့ရဲ့ ဓာတ်ပုံနဲ့ နေရပ်လိပ်စာတွေပါတဲ့ ရင်ထိုးတွေကို ဖလားထဲထည့်ပြီး ကံစမ်းမဲသဘောမျိုး မဲနှိုက်ပြီး ကူညီထောက်ပံ့ ပေးနိုင်တဲ့ အစီအစဉ်ကိုလည်း လုပ်ဆောင်ခဲ့တဲ့အကြောင်း ဦးအုန်းကြိုင်က ပြောပြပါတယ်။

ဒီကနေ့ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေ၊ ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ နိုင်ငံခြား သံတမန်တွေ၊ တခြား နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ ပြည်နယ် တိုင်း အသီးသီးက ကိုယ်စားလှယ်တွေ အပါအဝင် ဧည့်ပရိသတ် ၁,၀၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

XS
SM
MD
LG