သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၉ နှစ်ပြည့် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကျင်းပ


ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယ ဖြစ်တာနဲ့အညီ နေပြည်တော်နဲ့ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံတဝှမ်းက မြို့ကြီးတွေမှာ လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားတွေကို ကျင်းပနေကြပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်မြို့တို့မှာ မနက် ၄ နာရီ မိနစ် ၂၀ အချိန်က အလံတင်ပွဲ အခမ်းအနားတွေကို တပြိုင်ထဲ ကျင်းပခဲ့ကြပါတယ်။

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအတွင်း ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အလံတင်ပွဲ အခမ်းအနားကိုတော့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။

“ကနေ့ အချိန်အခါတွင် သံသယနဲ့ ပဋိပက္ခများ ကင်းစင်ပပျောက်ပြီး ရေရှည်တည်တံ့သည့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိရန်နဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် တိုင်းရင်းသား ညီအကို မောင်နှမများအားလုံးက နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ လက်နက်ကိုင်ပဋိပက္ခနဲ့ ဆက်စပ်လျက် ဖွံ့ဖြိုးမှုများလည်း နောက်ကျကျန်ခဲ့ရသည်ကို ၁၀ စုနှစ်များစွာ အထင်အရှား တွေ့ခဲ့ကြရပြီဖြစ်ပါသည်။ ထို့ကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် စုပေါင်း တွေ့ဆုံ၊ စုပေါင်း ဆွေးနွေး၊ စုပေါင်း အဖြေရှာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ပင်လုံကို တိုင်းရင်းသားပြည်သူ အားလုံးက မျက်မှောက်ပြုကြရန် အထူး အရေးကြီးလှပေသည်။”

မနက် ၄ နာရီ ၂၀ မိနစ်က နေပြည်တော်မှာ ကျင်းပတဲ့ အလံတင်ပွဲ အခမ်းအနားကိုတော့ နိုင်ငံတော် အကြီးအကဲတွေ တက်ရောက်တာ မတွေ့ရပါဘူး။

အစဉ်အားဖြင့် နိုင်ငံတဝှမ်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်နဲ့ ပြေးခုန်ပစ် အားကစားပြိုင်ပွဲတွေ မြို့တိုင်း၊ ရွာတိုင်းမှာ ကျင်းပလေ့ ရှိတာနဲ့အညီ အခုနှစ်မှာလည်း မနေ့ ဇန်နဝါရီလ ၃ ရက်နေ့က စလို့ ပြေးခုန်ပစ် ပြိုင်ပွဲတွေနဲ့အတူ တခြား ပျော်ပွဲရွှင်ပွဲတွေ စည်ကား သိုက်မြိုက်စွာ ကျင်းပနေကြပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အင်္ဂလိပ် ကိုလိုနီလက်အောက်ကနေ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေး ရရှိခဲ့တာဖြစ်ပေမဲ့ လွတ်လပ်ရေး ရရှိရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဏာဇာနည် ခေါင်းဆောင်တချို့ဟာ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ မသမာသူတွေရဲ့ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG