သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပူလှိုင်းဒဏ်ကြောင့် ပါကစ္စတန်မှာကျောင်းတွေပိတ်ထား


အပူလှိုင်းဒဏ်ကြောင့် ပါကစ္စတန်နိုင်ငံမှာ ကျောင်းများပိတ်လို့ ကျောင်းသူကျောင်းသားများ အိမ်ပြန်ခွင့်ရကြ
အပူလှိုင်းဒဏ်ကြောင့် ပါကစ္စတန်နိုင်ငံမှာ ကျောင်းများပိတ်လို့ ကျောင်းသူကျောင်းသားများ အိမ်ပြန်ခွင့်ရကြ

အပူလှိုင်းဒဏ်ခံနေရတဲ့ ပါကစ္စတန်နိုင်ငံမှာ အပူဒဏ်ကြောင့် ကျောင်းတွေကို ပိတ်ထားပါတယ်။ ကျောင်းသား ဦးရေ ၅၀% လောက်သက်ရောက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Punjab ပြည်နယ်မှာဆိုရင် ကျောင်းအားလုံးကို ဒီနေ့ စနေနေ့ကစပြီး ပိတ်ထားပါတယ်။ ကျောင်းသား ၂၆ သန်း လောက်ရှိတဲ့ လူဦးရေ အထူထပ်ဆုံးပြည်နယ်မှာ နွေရာသီကျောင်းပိတ်ရက်ကို သီတင်း ၁ ပတ်ကြိုပြီး ပိတ်လိုက်တာပါ။

ပါကစ္စတန်နိုင်ငံမှာ အခုလက်ရှိ ခံစားနေရတဲ့ အပူလှိုင်းအပြင် June ထဲမှာ နောက်ထပ် အပူလှိုင်း ၂ ခု ထပ်ဝင်ဖို့ ရှိတယ်လို့ ပါကစ္စတန် မိုးလေဝသဌာနက ပြောပါတယ်။ Punjub ပြည်နယ်မှာ အပူလှိုင်းကြောင့် ပုံမှန်ထက် ၆ ဒီဂရီကနေ ၈ ဒီဂရီ Celsius ပိုပူပြင်းနေပြီး Lahore မြို့တော်အပူချိန်ဟာ ၅၀ ဒီဂရီ Celsius၊ ဖာရင်ဟိုက်နဲ့ဆိုရင် ၁၁၀ ဝန်းကျင်မှာ ရှိနေပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုရဲ့ သက်ရောက်မှုကြောင့် မိုးလေဝသအခြေအနေတွေ ရုတ်တရက်ပြောင်းလဲမှုဒဏ် ခံနေရတာ ဖြစ်တယ်လို့ ပါကစ္စတန်အစိုးရရဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညှိနှိုင်းရေးမှူးက သတင်းထောက်တွေကို ပြောပါတယ်။ အပူဒဏ် ခံနိုင်အောင် ပန်ကာ၊ လေအေးစက်တွေ ပိုဖွင့်ကြတဲ့အတွက် မီးအားမလောက်ဘဲ တချို့နေရာတွေ ၁၅ နာရီလောက် မီးပျက်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံအနောက်ပိုင်းမှာ အပူဒဏ်နဲ့ ဆက်စပ်သေဆုံး သူ သောကြာနေ့အထိ ၁၁ ယောက်ထက်မနည်း ရှိပါတယ်။ အိန္ဒိယနိုင်ငံအနောက်ပိုင်း Rajasthan ပြည်နယ်မှာ သောကြာနေ့က အပူချိန်ဟာ 49 ဒီဂရီ Celsius၊ ဖာရင်ဟိုက်နဲ့ဆိုရင် 120.2 အထိပူပြင်းခဲ့ပြီး အိန္ဒိယမှာ အခု ၂၀၂၄ ခုနှစ်အတွင်း အမြင့်ဆုံး အပူချိန်အဖြစ် စံချိန်တင်ခဲ့ပါတယ်။ မဲဆန္ဒနယ် ၅၈ ခုရှိတဲ့ အိန္ဒိယနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲတွေ ဆက်လက်ကျင်းပနေတာမှာ အပူလှိုင်းကြောင့် မဲလာပေးသူတွေ နည်းမဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

Delhi မြို့တော်က မဲရုံတွေမှာ မဲပေးဖို့စောင့်နေသူတွေအတွက် အမိုးအကာတွေတပ်ဆင်ပေးတာ၊ ရေငွေ့တွေ လွှတ်ထုတ်ပေးတာ၊ အရေးပေါ်ဆေးဝန်ထမ်းတွေ ထားပေးတာမျိုး လုပ်ပေးနေတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။ အပူဒဏ်သက်သာအောင် လုပ်ပေးထားတာမို့ မဲဆန္ဒရှင်တွေ မဲလာပေးကြမယ်လို့ မျှော်လင့်တယ်လို့ Delhi မြို့ဆိုင်ရာ ရွေးကောက်ပွဲအရာရှိချုပ်က Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

တောင်အာရှဒေသထဲက ဘင်္ဂလားဒေရှ့်နိုင်ငံမှာတော့ တနာရီလေတိုက်နှုန်း ၇၅ မိုင်နှုန်းလောက်ရှိတဲ့ Ramal မုန်တိုင်းဟာ ဘင်္ဂလားဒေရှ့်နဲ့ အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွေကို တနင်္ဂနွေနေ့ကျရင် ဝင်ရောက်မယ်လို့ အိန္ဒိယ မိုးလေဝသဌာနက သတိပေးထားပါတယ်။

လက်ရှိအခြေအနေအရ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက် ဦးတည်မဲ့ အခြေအနေ မရှိတာကြောင့် အဝါရောင်အဆင့်ပဲ သတ်မှတ်ထားတယ်လို့ မိုးဇေဝသနဲ့ ဇလဗေဒဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

Forum

XS
SM
MD
LG