အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်က တရားရုံးချုပ် အဆောက်အဦး အပြင်ဘက်မှာ အားပြင်းတဲ့ ဗုံးတလုံး ဖောက်ခွဲခဲ့တာကြောင့် လူ ၁၁ ယောက်ထက်မနည်း သေဆုံးပြီး တခြားလူ ၆၆ ယောက် ဒဏ်ရာရသွားပါတယ်။
အဆောက်အဦးရဲ့ အဓိက ၀င်ပေါက်နားမှာ ချထားတဲ့ လက်ကိုင်အိတ်ထဲမှာ ပြင်းအား အလယ်အလတ် အဆင့်ရှိတဲ့ ဗုံးတလုံးကို ဖွက်ပြီး ထည့်ထားခဲ့တယ်လို့ ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ တရားရုံးထဲဝင်ဖို့ လူတွေ ရုံးအပြင်ဘက်မှာ စုဝေးနေကြတဲ့အချိန် ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ သူရဲဘောကြောင်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) က ပြစ်တင်ရှုတ်ချလိုက်ပြီး အကြမ်းဖက် အန္တရာယ်ကို ချေမှုန်းနိုင်ရေးအတွက် အိန္ဒိယနိုင်ငံသားတွေ အားလုံး အတူတကွ လက်တွဲ လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အယ်လ်ကိုင်းဒါး (Al Qaida) အဖွဲ့နဲ့ အချိတ်အဆက်ရှိပြီး ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ ဟာရ်ကက်တ် အူလ် ဂျီဟတ်ဒ် အယ်လ် အစ္စလာမ် လက်နက်ကိုင်အဖွဲ့က အဲဒီဗုံးကို သူတို့ဖောက်ခွဲတာ ဖြစ်တယ်လို့ ပြောထားတဲ့ အီးမေးလ်တစောင်နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။