သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရထား တိုက်ခိုက်မှု မော်ဝါဒီကို စွပ်စွဲ


အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှာ မော်ဝါဒီ သူပုန်တွေလို့ သံသယရှိသူတွေက ခရီးသည်တင် ရထားကို ဗုံးခွဲ တိုက်ခိုက်လိုက်တဲ့အတွက် ဆန့်ကျင်ဘက်က လာနေတဲ့ရထားနဲ့ ခေါင်းချင်းဆိုင်တိုက်မိတဲ့ အတွက် အနည်းဆုံး လူပေါင်း ၇၁ ယောက်လောက် သေဆုံးပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

တိုင်းပြည်အရှေ့မြောက်ပိုင်း ကာလကတ္တားမြို့ကနေ မွမ်ဘိုင်းမြို့ကို သွားနေတဲ့ အမြန်ရထားကို မော်ဝါဒီ သူပုန်တွေက တိုက်ခိုက်ခဲ့တယ် ဆိုတာ သိသာနေတယ်လို့ အနောက် ဘင်္ဂလားပြည်နယ် ရဲမင်းကြီး Bhupinder Singh က ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို မော်ဝါဒီတွေက ကျောထောက်နောက်ခံ ပေးထားတဲ့ ရဲတပ်ဖွဲ့လုပ်ရပ်များ ဆန့်ကျင်ရေး ပြည်သူ့ကော်မီဆိုတဲ့ အဖွဲ့က လုပ်ဆောင်ခဲ့တဲ့အကြောင်း အခင်းဖြစ်ပွားတဲ့နေရာမှာ ပိုစတာတွေ တွေ့ခဲ့တယ်လို့ ရဲမင်းကြီး Singh က ပြောပါတယ်။

ဒီဖောက်ခွဲမှုဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ အဲဒီအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က တယ်လီဖုန်းကတဆင့် ငြင်းဆိုခဲ့တဲ့အကြောင်း အိန္ဒိယ သတင်းဌာတခုက ရေးထားပါတယ်။ မှောက်သွားတဲ့ ခရီးသည်တင် အမြန်ရထားက ၁၃ တွဲ လမ်းချော်သွားပြီး ဆန့်ကျင်ဘက်ကလာနေတဲ့ ကုန်တင်ရထားနဲ့ သွားတိုက်မိတာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ရထား ဘာကြောင့် မှောက်သွားရတယ် ဆိုတာကို အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေပါတယ်။ ရထားသံလမ်း တစိတ်တပိုင်းကို ဖြုတ်ထားပုံရတယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး P. Chidambaram က ပြောပေမဲ့ အဲဒီ ရထားသံလမ်း ပြုတ်နေတာဟာ ပေါက်ကွဲမှုကြောင့် ဟုတ်မဟုတ်ဆိုတာ အာဏာပိုင်တွေအနေနဲ့ အတည် မပြုနိုင်သေးပါဘူး။

XS
SM
MD
LG