သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SAARC တောင်အာရှဒေသန္တရညီလာခံ အိန္ဒိယသပိတ်မှောက်


ဒေသတွင်းမှာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ တိုးလာနေတာကြောင့် - နိုဝင်ဘာလထဲ ပါကစ္စတန်နိုင်ငံ Islamabad မြို့မှာ ကျင်းပမယ့် ဒေသဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi တက်ရောက်မှာ မဟုတ်ကြောင်း - အိန္ဒိယက အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

Kashmir ဒေသက အိန္ဒိယစစ်အခြေစိုက်စခန်းတခု အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၁၈ ယောက် သေဆုံးခဲ့ရတဲ့အတွက် ပါကစ္စတန်နိုင်ငံကို သံတမန်ရေးအရ အထီးကျန်ဖြစ်အောင် ကမ္ဘာတဝှမ်း လှုပ်ရှားသွားမယ်လို့ ဝန်ကြီးချုပ် မိုဒီ ပြောကြားခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ဒီဆုံးဖြတ်ချက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအဖွဲ့တွေက လုပ်ဆောင်တာလို့ အိန္ဒိယဘက်က ပြစ်တင်ပြောဆိုခဲ့ပြီးနောက်ပိုင်း - နှစ်နိုင်ငံကြား တင်းမာမှုတွေ ကြီးထွားလာတာဖြစ်ပါတယ်။ ပါကစ္စတန်ဘက်ကတော့ ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားပြီး - ဇူလိုင်ကစလို့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ ဆူပူအုံကြွမှုကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ အိန္ဒိယနိုင်ငံ Kashmir ဒေသက အခြေအနေတွေကြောင့် ဖြစ်နိုင်တယ်လို့လည်း ပြောဆိုခဲ့တာပါ။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ - ဒေသတွင်းမှာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ တိုးလာနေပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တောင်အာရှနိုင်ငံများအသင်း ထိပ်သီးဆွေးနွေးပွဲ အောင်မြင်စွာ မကျင်းပနိုင်အောင် - အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေး ကိစ္စတွေကို ဝင်ရောက်စွက်ဖက်မှုတွေလည်း တိုးလာနေတယ်လို့ ဖော်ပြထားပါတယ်။

တခြားနိုင်ငံတွေကတော့ တောင်အာရှနိုင်ငံများဆွေးနွေးပွဲကို တက်ရောက်ဖို့ တခြားနိုင်ငံတွေကလည်း ငြင်းဆန်ထားကြတယ်လို့ ကြေညာချက်က ဖော်ပြထားပေမဲ့ ဘယ်နိုင်ငံတွေ ဆိုတာကိုတော့ မပြောပါဘူး။ ဒီနိုင်ငံတွေကတော့ အကြမ်းဖက်အဖွဲ့တွေကို ပံ့ပိုးကူညီပေးမှုအတွက် ပါကစ္စတန်ကို အပြစ်တင်လေ့ ရှိတဲ့ အာဖဂန်နစ္စတန်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ဖြစ်မယ်လို့လည်း ယူဆရပါတယ်။ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တောင်အာရှနိုင်ငံများအသင်းမှာတော့ - အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ သီရိလင်္ကာ၊ အာဖဂန်နစ္စတန်နဲ့ မော်လ်ဒိုက် (Maldives) တို့ ပါဝင်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG