သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအလှူရှင်တွေ အိန္ဒိယ မဟာဗောဓိစေတီရွှေချ


မဟာဗောဓိစေတီဝင်း၊ ဗုဒ္ဓဂါယာ၊ အိန္ဒိယနိုင်ငံ။
မဟာဗောဓိစေတီဝင်း၊ ဗုဒ္ဓဂါယာ၊ အိန္ဒိယနိုင်ငံ။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ကနေ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်က မဟာဗောဓိ ဗုဒ္ဓဘာသာ ဘုရားကျောင်းတော်ဟာ ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ လှူဒါန်းတဲ့ ရွှေပေါင်ချိန် ၆၁၇ ပေါင်နဲ့ ရွှေချပြီးချိန် မှာတော့ ရွှေရောင်လင်းလက် တောက်ပလို့နေပါတယ်။

အခုလို ထိုင်းနိုင်ငံက အလှူရှင်တွေရဲ့ ရွှေတွေနဲ့ ဘုရားကျောင်းကို ရွှေချတာ အားလုံး ပြီးစီးသွားပြီ ဖြစ်တဲ့အကြောင်းကို မဟာဗောဓိ ဘုရားကျောင်းရဲ့ အတွင်းရေးမှူး N Dorjee ကလည်း အင်္ဂါနေ့က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောသွားခဲ့ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ ဒီ မဟာဗောဓိ ကျောင်းဝန်းကို သီရိလင်္ကာ၊ တရုတ်၊ ဂျပန်တွေနဲ့ ထိုင်းနဲ့ မြန်မာ စတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက ဗုဒ္ဓဘာသာဝင်တွေ လာရောက် လည်ပတ်လေ့ ရှိကြပါတယ်။ ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ် ဉာဏ်အလင်းရောင်ရခဲ့တဲ့ နေရာဖြစ်လို့၊ ဒီနေရာဟာ ကမ္ဘာတဝှမ်းက ဗုဒ္ဓဘာသာဝင်တွေ အတွက်တော့ အထွဋ်အမြတ် နေရာတခု ဖြစ်နေတာပါ။

ဒီ ဘုရားကျောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ ထောင့် ၅ ရာနီးပါးက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဘီစီ ၂၆၀ ခုနှစ်က ဒီနေရာကို အသောကမင်းကြီး ကိုယ်တိုင် လာရောက်ခဲ့ပြီး ဗုဒ္ဓကို ပူဇော်တဲ့အနေနဲ့ ကျောင်းဆောင်ငယ်တခု လှူဒန်းခဲ့တာဖြစ်ပါတယ်။

ဒီဘုရားကျောင်းဝန်းအတွင်းမှာ ဒီနှစ် ဇူလိုင်လကတုန်းကတော့ အပျော့စားဗုံး ပေါက်ကွဲမှုတချို့ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သလို၊ သံဃာ နှစ်ပါးလည်း ထိခိုက် ဒဏ်ရာ ရခဲ့ပါသေးတယ်။

မဟာဗောဓိဘုရားကျောင်း ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အဖြစ်နဲ့ကတော့ ၂၀၀၂ ခုနှစ်မှာ UNESCO အဖွဲ့က ကြေညာခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG