သုံးရလွယ်ကူစေသည့် Link များ

အိန္ဒိယသူပုန်စစ်ဆင်ရေး မြန်မာနဲ့အိန္ဒိယ ဆွေးနွေးမှုရှိ


ခြုံခိုတိုက်ခိုက်ခံရမှုအတွင်း အိန္ဒိယတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပြီး မကြာခင်မှာပဲ အိန္ဒိယနိုင်ငံဘက်က ဒီတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ခွဲထွက်ရေးသမားတွေကို တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ တဘက်မှာလည်း ဒီသူပုန်တွေ ဝင်ရောက် ခိုအောင်းလေ့ရှိတဲ့ မြန်မာနိုင်ငံက အစိုးရနဲ့လည်းအတူ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အိန္ဒိယစစ်ဘက်က ပြောပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြထားပါတယ်။

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ လောက်ကို သူပုန်တွေက သတ်ဖြတ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဇွန်လ ၉ ရက်နေ့မှာ အိန္ဒိယအစိုးရက ဒီခွဲထွက်ရေးသူပုန်တွေကို အိန္ဒိယ မြန်မာနယ်စပ်အနီးမှာ လိုက်လံ တိုက်ခိုက်ချေမှုန်းနေပါတယ်။ အိန္ဒိယတပ်ဖွဲ့ဝင်တွေရဲ့ ယာဉ်တန်းကို သူပုန်တွေက ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ ထောက်လှမ်းရေးသတင်းတွေအရ မကြာခင်မှာလည်း နောက်ထပ် အလားတူ တိုက်ခိုက်မှုတွေ ရှိလာနိုင်တာကြောင့် တန်ပြန် တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ အိန္ဒိယ ကြည်းတပ် ဗိုလ်ချုပ် Ranbir Singh က ပြောပါတယ်။

“ရရှိထားတဲ့ ထောက်လှမ်းရေး အချက်အလက်တွေအပေါ် အခြေခံပြီး ကျနော်တို့ ဒီစစ်ဆင်ရေးကို လုပ်ခဲ့ပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်က Nagaland နဲ့ Manipur နားက သူပုန်အဖွဲ့ ၂ ဖွဲ့နဲ့ ကျနော်တို့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ စစ်သွေးကြွတွေကြောင့် နစ်နာဆုံးရှုံးမှုတွေ ဖြစ်ခဲ့အပြီးမှာ ကျနော်တို့ လူထုတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအပေါ် ကျရောက်နေတဲ့ အန္တရာယ်တွေကို တားဆီးပစ်ရမှာပါ။”

အထူးတပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံဘက်ကို ထွက်ပြေးဝင်ရောက်သွားတဲ့ သူပုန်တွေကို လိုက်လံ နှိမ်နင်း တိုက်ခိုက်ခဲ့တယ်လို့ဆိုပေမဲ့ စစ်တပ်ဘက်ကတော့ ဒါကို အတည်ပြု ပြောကြားတာမျိုး မရှိပါဘူး။ မြန်မာသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ သူ့ရဲ့ကိုယ်ပိုင် Facebook စာမျက်နှာမှာ အိန္ဒိယစစ်တပ်အနေနဲ့ မြန်မာပိုင်နက်ထဲမှာ ဝင်ရောက် စစ်ဆင်ရေးလုပ်တယ်ဆိုတာကို ငြင်းဆန်ထားပြီး မြန်မာနိုင်ငံအနေနဲ့ မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမှ မြန်မာပိုင်နက်ထဲ ဝင်ရောက်တာမျိုးကို လက်ခံမှာ မဟုတ်ဘူးလို့ ရေးထားပါတယ်။ ဗိုလ်ချုပ် Singh က ရှေ့အနာဂတ်မှာ ကြုံတွေ့ရနိုင်တဲ့ အခုလိုသူပုန်တွေရဲ့ တိုက်ခိုက်လာမှုကို မြန်မာအစိုးရနဲ့အတူ လက်တွဲ ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။

“မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး မြန်မာစစ်တပ်နဲ့လည်း ဟိုးအရင်ကတည်းက နီးကပ်တဲ့ဆက်ဆံရေးရှိပါတယ်။ ရှေ့လျှောက်ပြီးတော့လည ်း အကြမ်းဖက်သမားတွေကို အတူလက်တွဲနှိမ်နင်းသွားဖို့ မျှော်လင့်ပါတယ်။”

ပြန်ကြားရေးနဲ့ ရုပ်သံလွှင့်ဌာန အငယ်တန်းဝန်ကြီး Rajyavardhan Rathore က ရှေ့လျှောက်ပြီးတော့လည်း အိန္ဒိယအနေနဲ့ သူပုန်တွေအပေါ် အလားတူ တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။

“အခုလို တိုက်ခိုက်လာတဲ့အပေါ် အိန္ဒိယအစိုးရအနေနဲ့ကော ဒီနိုင်ငံအနေနဲ့ ငြိမ်ခံနေမှာမဟုတ်ဘဲ လက်တုံ့ပြန်တိုက်ခိုက်သွားမှာပါ။ ကျနော်တို့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမှာဖြစ်ပြီး အဲဒီလို လုပ်နိုင်စွမ်းလည်း ရှိပါတယ်။”

အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်ထူထပ်တဲ့ နယ်စပ်တွေဖြစ်တဲ့ တရုတ်၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ နယ်စပ်တွေမှာ သူပုန်တွေခိုအောင်းလေ့ရှိပြီး သူတို့ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒါမှမဟုတ် ခွဲထွက်ခွင့်လိုလားနေတာပါ။ ဒီနယ်စပ်တလျှောက် အိန္ဒိယတပ်တွေ ဆယ်စုနှစ်နဲ့ချီ နေရာချထားပေမဲ့ အဲဒီနိုင်ငံဘက်ခြမ်းမှာ ခိုလှုံနေတဲ့ သူပုန်တွေဟာ အခုလိုမျိုး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်တာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကလည်း နယ်စပ်ဖြတ်ကျော် အကြမ်းဖက် တိုက်ခိုက်မှုတွေကို နှိမ်နင်းဖို့နဲ့ စီးပွားရေး ပိုမိုခိုင်မာလာအောင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုကောင်းမွန်တဲ့ ဆက်ဆံရေး ရရှိအောင် ကြိုးပမ်းခဲ့ပြီး တဘက်မှာလည်း သူ့အစိုးရအနေနဲ့ ဒီသူပုန်တွေကို ပြတ်ပြတ်သားသား နှိမ်နင်းသွားဖို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG