သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သားအိမ်ကင်ဆာ စမ်းသပ်နည်းသစ် အိန္ဒိယရှာဖွေတွေ့ရှိ


သားအိမ်ကင်ဆာ ရောဂါကြောင့် အမျိုးသမီးတွေ သေဆုံးနေရတာကို သာမာန် အိမ်သုံးစားသောက်ပစ္စည်း တခုဖြစ်တဲ့ ရှာလကာရည်ကို အသုံးပြုပြီး သိသိသာသာ လျှော့ချနိုင်တဲ့အထိ အောင်မြင်မှုရခဲ့တဲ့အကြောင်း အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့က ဆရာဝန်တွေက ကြေညာလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု ရှီကာဂိုမြို့က ညီလာခံတခုအတွင်း အိန္ဒိယဆရာဝန်တွေရဲ့ လေ့လာတွေ့ရှိချက်ကို တင်ပြရာမှာတော့ အမျိုးသမီးပေါင်း ၁ သိန်းခွဲလောက် ပါဝင်တဲ့ သုတေသနအတွင်း သေဆုံးမှုနှုန်း ၃၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

ရှာလကာရည်ပါတဲ့ ဂွမ်းစနဲ့ သားအိမ်ကို ဆေးကြော စမ်းသပ်ကြည့်တဲ့ အခါမျိုးမှာ ကင်ဆာဖြစ်စေနိုင်တဲ့ တစ်ရှုးတွေဟာ အဖြူရောင်အဖြစ် ပြောင်းလဲ သွားတတ်တဲ့အတွက်၊ ကြိုတင်ကာကွယ်မှုတွေ ကုသမှုတွေ အချိန်မီ လုပ်ဆောင်နိုင်တယ်လို့လည်း ပြောပါတယ်။

ချမ်းသာတဲ့နိုင်ငံတွေမှာလို သားအိမ်ကင်ဆာရောဂါအတွက် ငွေကုန်ကြေးကျ များတဲ့ စံချိန်မီ စမ်းသပ်စစ်ဆေးမှုမျိုးတွေကို မတတ်နိုင်ကြတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံမှာ လွယ်ကူရိုးစင်းတဲ့ ဒီစမ်းသပ်နည်းသစ်က အမျိုးသမီးပေါင်း ထောင်သောင်းမကရဲ့ အသက်တွေကို ကယ်တင်နိုင်လိမ့်မယ်လို့လည်း အိန္ဒိယ ဆေးသုတေသန ပညာရှင်တွေက ပြောခဲ့ကြတာပါ။
XS
SM
MD
LG