အိန္ဒိယနိုင်ငံက နာမည်ကျော် ဘောလိဝုဒ် (Bollywood) ရုပ်ရှင်ဇာတ်ကားသစ်တစ်ကားဟာ ဇာတ်နိမ့်၊ ဇာတ်မြင့် လူတန်းစားတွေအတွက် ခွဲတမ်းချထားတဲ့ စနစ်အကြောင်း ရိုက်ကူးထားတာ ဖြစ်တာကြောင့် အချေအတင် ဖြစ်စရာ ပြဿနာတွေ ကြုံရမှာကို ဟန့်တားတဲ့အနေနဲ့ ပြည်နယ် ၃ ခုမှာ ပြသခွင့် ပိတ်ပင်လိုက်ပါတယ်။
သီးသန့်နေရာပေးထားတယ်လို့ အမည်ပေးထားတဲ့ Arakshan ရုပ်ရှင်ဇာတ်ကားကြောင့် ဇာတ်နိမ့် ဇာတ်မြင့် ကွဲပြားသူတွေကြား တင်းမာမှုတွေကို မီးထိုးပေးရာရောက်မှာကို စိုးရိမ်တဲ့အတွက် အူတာပရာဒေ့ရှ်၊ ပန်ဂျပ်နဲ့ အန္ဒြာပရာဒေ့ရှ် ပြည်နယ်တွေမှာ ပြသခွင့် တားမြစ်လိုက်တာပါ။
ဝေဖန်သူတွေကတော့ ဒီရုပ်ရှင်ဇာတ်ကားဟာ ဇာတ်နိမ့်လူတန်းစားတွေကို နှိမ့်ချပုံဖော်ထားတယ်လို့ ပြောကြပါတယ်။ ဘောလိဝုဒ်နောက်ဆုံး ဇာတ်ကားဟာဆိုရင် အိန္ဒိယနိုင်ငံက ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ဇာတ်နိမ့်အနွယ်တွေအတွက် သီးသန့်နေရာတွေ ဖယ်ထားပေးရတာလို ပညာရေးကဏ္ဍမှာ ခွဲတမ်းချတဲ့ စနစ်ကို အဓိကရိုက်ကူးထားတာပါ။
အိန္ဒိယနိုင်ငံက ဇာတ်စနစ်ဟာဆိုရင် မိသားစု အစဉ်အလာ၊ နေထိုင်မှု၊ လူမျိုးစုအပေါ် မူတည်ပြီး လူမှုရေးအရ ခွဲခြားထားတာ ဖြစ်ပါတယ်။ အခြေခံဥပဒေက ဇာတ်စနစ်ကို လက်မခံပေမဲ့ ဒီကနေ့ခေတ်အထိ အိန္ဒိယရဲ့ လူမှု အသိုင်းအဝန်းမှာ ဒါဟာ အတိမ်းအစောင်းမခံနိုင်တဲ့ ကိစ္စတခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။