အိန္ဒိယနိုင်ငံမှာ တနင်္ဂနွေနေ့ စတင်မယ် ဓနသဟာယ အားကစားပွဲတော်အတွက် နယူးဒေလီ မြို့တော်မှာ လုံခြုံရေးတွေ တိုးမြှင့်ထားပါတယ်။ အားကစားသမားတွေ၊ ပွဲလာကြည့်ကြမယ့် ဧည့်သည်တွေအတွက် လုံခြုံရေး ၁၀၀,၀၀၀ လောက်ကို တမြို့လုံးမှာ ဖြန့်ချထားပါတယ်။
အားကစားပွဲတော်ကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ခံရနိုင်ဖို့ အခြေအနေ များတယ် လို့ နိုင်ငံခြားအစိုးရတွေက သတိပေးထားပါတယ်။ အားကစားပြိုင်ပွဲ ဖွင့်ပွဲလုပ်မဲ့နေ့မှာ ဈေးတွေ၊ ဆိုင်ခန်းတွေကို ပိတ်ထားဖို့ အိန္ဒိယအစိုးရက အမိန့်ထုတ်ပြန်ထားပါတယ်။
ဒီနှစ် အားကစားပြိုင်ပွဲတွေမှာပါဝင်ယှဉ်ပြိုင်ဖို့ ဓနသဟာယအဖွဲ့ဝင် နိုင်ငံပေါင်း ၇၁ နိုင်ငံက အားကစားသမားနဲ့ အသင်းတာဝန်ခံပေါင်း ၆,၇၀၀ ကျော် အိန္ဒိယကိုလာကြမှာဖြစ်ပါတယ်။ အားကစားသမားတွေနေထိုင်ရမယ့် နေရာတွေ၊ အားကစားကွင်းတွေရဲ့ သန့်ရှင်းမှု၊ လုံခြုံ စိတ်ချရမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာ နိုင်ငံတွေက အသင်းကိုယ်စားလှယ်တွေရဲ့ ဝေဖန်မှုကို ခံရပြီးတဲ့နောက် အိန္ဒိယအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အားသွန် ခွန်စိုက် ပြင်ဆင်မှုတွေ လုပ်ခဲ့ကြပါတယ်။
ကျန်းမာရေးနဲ့ လုံခြုံရေး စိုးရိမ်မှုတွေကြောင့် တချို့အားကစားသမားတွေဆိုရင် ပွဲကနေ နှုတ်ထွက်သွားကြပါတယ်။ အားကစားပွဲအတွက် လတ်တလောမှာ အိန္ဒိယကိုရောက်လာကြတဲ့ အားကစားသမားတချို့ကတော့ အခြေအနေတွေကို ကျေနပ် အားရတယ်လို့ ပြောကြပါတယ်။