သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတပ်တွေ နယ်စပ်မှာတပ်စွဲဖို့ ကြိုးစားလို့ အိန္ဒိယဘက်ကစိုးရိမ်


အိန္ဒိယ နယ်ခြားစောင့်တပ်
အိန္ဒိယ နယ်ခြားစောင့်တပ်
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နဲ့ နယ်နမိတ်ခြင်း ထိစပ်နေတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မှာ မြန်မာစစ်တပ်ဘက်က ယာယီစစ်စခန်း လာဆောက်နေတာနဲ့ ပတ်သက်ပြီး အိန္ဒိယဖက်က စိုးရိမ်မှုတွေ ရှိနေပါတယ်၊ မိုင် ၂၄၇ မိုင်ရှည်လျားတဲ့ မြန်မာနိုင်ငံနဲ့ မဏိပူရပြည်နယ် နယ်စပ်ကို အတိအကျ နယ်စပ်စည်း
သတ်မှတ်နိုင်ဖို့ အတွက်လည်း အိန္ဒိယနဲ့မြန်မာ အစိုးရကြားမှာ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။ ဒီအကြောင်းအပြည့်အစုံကို
ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ် စည်းမျဉ်းအနီးမှာတည်ရှိတဲ့ ဟိုလမ်ဖိုင် ( Haolenphai) ဆိုတဲ့ ကျေးရွာလေးမှာ မြန်မာတပ်တခုက ယာယီစစ်စခန်းတခု တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့အတွက် ဟိုလမ်ဖိုင်ကျေးရွာသူကြီးနဲ့ ရွာသူရွာသားတွေက အိန္ဒိယနိုင်ငံ မဏိပူရ၊ မိုရေးနဲ့ အာသံဒေသအာဏာပိုင်တွေကတဆင့် အိန္ဒိယအစိုးရကို ဟန့်တားပေးဖို့ အရေးဆိုခဲ့ကြပါတယ်။ နှစ်နိုင်ငံ နယ်စပ်မျဉ်း အတိအကျ မသတ်မှတ် နိုင်သေးတဲ့ အငြင်းပွားဖွယ်ရာ ဒီနယ်စပ်နားမှာ မြန်မာစစ်တပ်က စခန်း လာဆောက်ဖို့ပြင်နေတာနဲ့ပတ်သက်ပြီး အိန္ဒိယသတင်းစာတွေမှာလည်း အကျယ်တဝင့်ရေးသားဖော်ပြကြပါတယ်။

မဏိပူရပြည်နယ်တာဝန်ရှိသူတွေကလည်း ဗဟိုအစိုးရကို အရေးယူပေးဖို့ အကြောင်းကြားခဲ့တယ်လို့ အိန္ဒိယမဏိပူရနယ်စပ်အရေးကို အနီးကပ် စောင့်ကြည့်နေတဲ့ အိန္ဒိယနိုင်ငံ အခြေစိုက် ဒေါက်တာတင့်ဆွေက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဒီမဏိပူရ် နိုင်ငံရေးအသိုင်းအဝိုင်းကနေပြီးတော့ သူတို့ပြည်နယ်အစိုးရကို ဒီလိုမျိုး မလုပ်အောင် တောင်းဆိုတာတွေတော့ ရှိပါတယ်။ ရှိတော့ ဒီကိစ္စကို နှစ်နိုင်ငံက ထိုင်ပြီးတော့ ရင်ဆိုင်ဖြေရှင်းဖို့လိုတယ်ဆိုပြီးတော့ နိုင်ငံရေးဘက်က အကြံပြုချက်တွေလည်း ရှိပါတယ်။ ဒီသတင်းက မဏိပူရ် သတင်းစာတွေက စရေးတာ၊ မဏိပူရ်က ဒေသခံနိုင်ငံရေးပါတီတွေကနေပြီးတော့ သူတို့အစိုးရကိုပြောတာပေါ့။ ဗမာတပ်တွေက ဒီရွာ၊ ဒီရွာတွေမှာ ဝင်ပြီးတော့ တပ်စွဲတယ်ဆိုပြီးတော့ ပြောတယ်။ အဲ့ဒီ့နောက်ပိုင်း နှစ်ရက်လောက်နေပြီးတဲ့နောက်ပိုင်းမှာ ဗဟိုအစိုးရပေါ့နော်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောတာက ဟာ အဲ့လိုမဟုတ်ဘူး။ ဗမာတပ်တွေ ကျူးကျော်တယ်ဆိုတာ Incursion။ Intrusion မဟုတ်ဘူးလို့ပြောတယ်။ ဘာကြောင့်လည်းဆိုတော့ နယ်စပ်မှတ်တိုင်တွေက ပျောက်နေတဲ့ နေရာတွေရှိပြီးတော့ အခုနေရာဟာ နှစ်နိုင်ငံ သဘောတူသတ်မှတ်ခြင်း၊ မလုပ်ရသေးတဲ့ နေရာသာ ဖြစ်တယ် ဆိုပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒါကို လျော့ချပြီးတော့ ပြောတဲ့သဘောရှိတယ်ခင်ဗျ။”

အိန္ဒိယဖက်က နယ်စပ်လုံခြုံရေးကို တာဝန်ယူထားတဲ့ အာသံ Rifle တပ်ကတော့ မြန်မာဘက်က ခုလို လာပြီး တပ်စွဲဖို့ ပြင်နေတဲ့အပေါ်မှာ နားလည်မှုလွဲတာလို့ပြောပြီး သိပ်အရေးမကြီးတဲ့ပုံ လုပ်ခဲ့တယ်လို့ အိန္ဒိယသတင်းတခုမှာ ဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံဘက်က နယ်စပ်အရေး တင်းမာမှုမဖြစ်အောင် နှစ်နိုင်ငံ ချစ်ကြည်ရေး မပျက်အောင် ကြိုးစားဆောင်ရွက်နေကြတဲ့ သဘောရှိတယ်လို့ ဒေါက်တာတင့်ဆွေက ထောက်ပြပြောဆိုပါတယ်။

“ အဲ့ဒီ့နေရာက အိန္ဒိယဘက်ကဆိုရင် အာသံ Rifleလို့ခေါ်တဲ့ အာသံတပ်အဖွဲ့ တာဝန်ရှိတဲ့နေရာပေါ့နော်။ အဲ့ဒီ့နေရာမှာဖြစ်ပြီးတော့ ဗမာတပ်က ဝင်ပြီးတော့ နေတယ်ဆိုပြီးတော့ နိုင်ငံရေးဘက်ကနေ ထောက်ပြတာဖြစ်ပြီးတော့ လုံခြုံရေးဘက်ကတော့ ရင်ဆိုင်မှုသဘောမျိုး မရှိသလို၊ နှစ်နိုင်ငံဆက်ဆံရေးမှာလည်း ဒီဟာကို ကြီးကြီးကျယ်ကျယ်မဖြစ်အောင် ထိန်းသိမ်းတဲ့သဘောရှိတယ်ခင်ဗျ။”

အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံကြား မိုင် ၁ ထော်ကျော် ရှည်လျားတဲ့ နယ်စပ်မှာ တချို့နေရာတွေကို အတိအကျ နယ်နိမိတ် သတ်မှတ်နိုင်ခြင်း
မရှိတဲ့အတွက် မြန်မာနဲ့ အိန္ဒိယ အစိုးရကြားမှာ ဆက်ပြီး ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပါတယ်။ ၂ နိုင်ငံကြား တရားဝင်နယ်မြေပိုင်နက်ကို
တိတိကျကျ မသတ်မှတ်နိုင်သေးသရွေ့ ဒီလိုမျိုး အငြင်းပွားစရာနယ်မြေပိုင်ဆိုင်မှုကိစ္စတွေ ပေါ်ပေါက်လာနိုင်ခြေ ရှိလာတယ်လို့လည်း ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“ဒီနိုင်ငံတကာ နယ်နမိတ်မှာတော့ ဖြတ်ကျော်တဲ့ကိစ္စတွေ၊ ပြဿနာတွေကတော့ ရှိနိုင်သေးတယ်။ နောင်လည်း အသစ်တွေ ရှိနိုင်သေးတယ်။ ဘာကြောင့်လည်းဆိုတော့ နှစ်နိုင်ငံ နယ်နမိတ် သတ်သတ်မှတ်မှတ် မသတ်မှတ်ရသေးသရွေ့ ဒီပြဿနာတွေက ရှိနိုင်တယ်။ အဲ့ဒီ့နေရာက ဟိုနိုင်ငံ၊ ဒီနိုင်ငံ နယ်စပ်မှာရှိတော့ အိန္ဒိယဘက်က တကယ်ပိုင်သလား၊ ဗမာနိုင်ငံက တကယ်ပိုင်သလားဆိုတာတော့ နှစ်နိုင်ငံစလုံးကိုက သဘောတူညီချက် မရှိသေးဘူး။ ဒေသမှာ နေတဲ့သူတွေကတော့ အိန္ဒိယဘက်က မဏိပူရ်ဘက်က လူမျိုးတွေ နေကြတာများတယ်။ ဗမာတွေလည်း နေကြတာရှိတယ် ပေါ့လေ။ ဒါကတော့ နှစ်နိုင်ငံ နယ်စပ်တကြောမှာ ရှိတဲ့ မြို့တွေ၊ ရွာတွေက တော့ ထုံးစံအတိုင်းပါပဲ။”

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ဆက်သွယ်မယ့် လမ်းဖောက်လုပ်ရေးစီမံကိန်းတွေ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့လည်းရှိနေတဲ့အတွက်
နှစ်နိုင်ငံ ဆက်ဆံရေးမပျက်အောင်တော့ ဒီနယ်စပ်ကိစ္စကို ပြေလည်အောင် ဖြေရှင်းနိုင်ခြေရှိတယ်လို့ ဒေါက်တာတင့်ဆွေကပြောပါတယ်။ မဏိပူရဘက်က
နယ်စပ်ကိစ္စ နိုင်ငံရေးအရ ဖိအားပေးလာတဲ့ အနေအထားကိုလည်း သူက အခုလိုသုံးသပ်ပါတယ်။

“ အခုက အိန္ဒိယဒေသခံတွေက စွတ်စွဲသလိုပဲ၊ ဗမာစစ်တပ်က လာတာဖြစ်ချင်လည်းဖြစ်မယ်။ ဗမာဘက်က သူတို့ဘက်က ပိုင်တယ်ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။ သို့သော် ဒီဟာအပေါ်မှာ ညှိနှိုင်းဖြေရှင်းပြီးတော့ ယူကြရမယ့်ကိစ္စဖြစ်တယ်။ နောင်လည်းပဲပေါ့လေ။ အလားတူဖြစ်ဖြစ် အသစ်အဆန်းပဲဖြစ်ဖြစ် နိုင်ငံတကာ နယ်နမိတ်မှာ ဖြစ်နေကြသဘောဖြစ်ပါတယ်။ ဒါပေမဲ့လို့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးကြည့်လို့ရှိရင်တော့ အိန္ဒိယ-တရုတ် ဆက်ဆံရေး၊ အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေး နဲ့ မတူဘဲနဲ့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးကတော့ အပြုသဘော၊ အကောင်းသဘောကို ဦးတည်ပြီးတော့ ရန်လိုတဲ့သဘောတွေ နှစ်ဘက်စလုံးက မရှိတာဖြစ်တဲ့အတွက် ကျနော်တို့ အများကြီးတော့ စိုးရိမ်သောကဖြစ်စရာမရှိဘူးလို့ ရေရှည်မှာ ကျနော်မြင်ပါတယ်ခင်ဗျ။”

အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား နယ်မြေ တိုင်းတာ သတ်မှတ်တဲ့လုပ်ငန်းတွေ အဆုံးမသတ်သရွေ့ အဆောက်အအုံ၊ သင်္ကေတ၊ အမှတ်အသားတွေကို မပြုလုပ်ကြဖို့ နှစ်ဦးနှစ်ဘက် သဘောတူညီထားတာရှိတယ်လို့ အိန္ဒိယဘက်ကလာတဲ့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။
XS
SM
MD
LG