အိန္ဒိယ တနိုင်ငံလုံးမှာ ဆန္ဒပြ ကန့်ကွက်ကြတာတွေ ဒုတိယနေ့ ဆက်ဖြစ်နေချိန်မှာ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) က အစာငတ်ခံ တိုက်ပွဲဝင်နေသူ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ခေါင်းဆောင်ကို ဝေဖန်လိုက်ပါတယ်။
နယူးဒေလီမြို့မှာ လူ ထောင်ပေါင်းများစွာဟာ အန်နာ ဟာဇာရေး (Anna Hazare) ကို ထောက်ခံ ကြွေးကြော်ပြီး ဗုဒ္ဓဟူးနေ့က ဆန္ဒပြခဲ့ကြပါတယ်။ အလားတူ ဆန္ဒပြပွဲတွေကို မွမ်ဘိုင်းမြို့နဲ့ အခြား တောင်ပိုင်း၊ အရှေ့ပိုင်း မြို့ကြီးတွေမှာ ဆင်နွှဲခဲ့ကြပါတယ်။
ခိုင်မာတဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဥပဒေတရပ် ပြဋ္ဌာန်းဖို့ တောင်းဆိုပြီး အစာငတ်ခံ တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေချိန်မှာ မစ္စတာ အန်နာ ဟာဇာရေးနဲ့ နောက်လိုက် ၁,၀၀၀ ကျော်ကို အစိုးရက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ရဲက သူ့ကို နောက်ပိုင်းမှာ လွှတ်ပေးလိုက်ပေမဲ့ တက်ကြွလှုပ်ရှားသူတွေက ထောင်ထဲက မထွက်ဘဲ ဆက်လက် တောင်းဆိုနေကြတာပါ။ သူတို့ ဆန္ဒပြပွဲတွေအပေါ် ချုပ်ချယ် ကန့်သတ်တာတွေ မလုပ်ဖို့ အာဏာပိုင်တွေက သဘောတူတဲ့အထိ ထောင်ထဲမှာ ဆက်နေမယ်လို့ သူတို့က ဆိုကြပါတယ်။
အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးအတွက် ဟာဇာရေးက သူရေးဆွဲထားတဲ့ ဥပဒေကြမ်း ကျအောင် အမတ်တွေကို အတင်းအဓမ္မသဘော လုပ်တာ ခွင့်မပြုနိုင်ဘူးလို့ မစ္စတာ မန်မိုဟန် ဆင်းဂ်က ဆိုပါတယ်။ အကျင့်ပျက် ခြစားတာတွေကို တိုက်ဖျက်ဖို့အတွက် ဝန်ကြီးတွေနဲ့ အစိုးရ ဌာနတွေကို စစ်မေးနိုင်ခွင့်အာဏာ ပေးထားတဲ့ အဖွဲ့အစည်းတရပ်ကို ပါလီမန်က ဖန်တီးမယ့် ဥပဒေကြမ်းတရပ်ကို မစ္စတာဆင်းဂ်ရဲ့ အာဏာရ ကွန်ဂရက်ပါတီက ဒီလအစောပိုင်းက တင်သွင်းခဲ့ပါတယ်။
ဝန်ကြီးချုပ်နဲ့ တရားရေးဘက် ပုဂ္ဂိုလ်တွေကိုပါ ပိုပြီး တာဝန်ခံမှု ရှိစေမယ့် ဥပဒေကြမ်းကို ရေးဆွဲပြီး အတည်ပြုပေးဖို့ မစ္စတာ ဟာဇာရေးက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။