သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှုနဲ့ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်းကို တရားရုံးဆင့်ခေါ်


အရင်ဝန်ကြီးချုပ်ဟောင်း Manmohan Singh ကို သူဝန်ကြီးချုပ်တာဝန် ယူထားချိန်အတွင်း ကျောက်မီးသွေးလုပ်ကွက်တွေ ရောင်းချရာမှာ အဂတိလိုက်စားမှုနဲ့ အိန္ဒိယ အထူးတရားရုံးက ဗုဒ္ဓဟူးနေ့မှာ ဆင့်ခေါ်လိုက်ပါတယ်။

မစ္စတာဆင်းနဲ့ နောက် ၅ ဦးကို ဧပြီလ ၈ ရက်နေ့ လာရောက်ဖို့ တရားသူကြီးတွေက အမိန့်ထုတ်ပြန်ခဲ့တာပါ။

မစ္စတာဆင်း တာဝန်ယူထားချိန်အတွင်းမှာ အစိုးရက ကျောက်မီးသွေးလုပ်ကွက် ၂၀၀ ကျော်ကို ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရငွေ ဒေါ်လာ ဘီလျံနဲ့ချီ တန်ဖိုးရှိတဲ့ ၂၀၁၂ ခုနှစ်တုန်းက ရောင်းချမှုအတွက် ဈေးပြိုင်စံနစ်နဲ့ မဟုတ်ဘဲ ကန်ထရိုက်ကို ဒီအတိုင်း ရောင်းချပေးခဲ့တယ်လို့ အိန္ဒိယအစိုးရ လုပ်ငန်းစစ်ဆေးရေး တာဝန်ခံက ပြောပါတယ်။

ဒီလိုရောင်းချမှုဟာ တရားမဝင်လုပ်ရပ်လို့ အထက်တရားရုံးက မနှစ်တုန်းက အမိန့်ချခဲ့တာဖြစ်ပါတယ်။

အခုတရားစွဲဆိုမှုဟာ မစ္စတာဆင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်အတွင်း ကွန်ဂရက်ပါတီ ဦးဆောင်တဲ့ အစိုးရရဲ့ အဂတိလိုက်စားမှု ရှိတယ်လို့ စွပ်စွဲမှုတွေထဲက တခုဖြစ်ပါတယ်။ အဲဒီမှာ ၂၀၁၀ ဓနသဟာယနိုင်ငံများ အားကစားပြိုင်ပွဲတုန်းက လက်ကိုင်ဖုံး လိုင်စင်ချပေးတာနဲ့ ပတ်သက်ပြီး အစိုးရက ဒေါ်လာ ဘီလျံ ၄၀ ဖိုး ဆုံးရှုံးခဲ့တယ်လို့ လုပ်ငန်းစစ်တွေက အစီရင်ခံစာ တင်ထားတာလည်း ပါဝင်ပါတယ်။

ကွန်ဂရက်ပါတီပြောခွင့်ရ Manish Tewari ကတော့ အရင်အစိုးရအဖွဲ့အနေနဲ့ ဖုံးကွယ်ထားတာ ဘာမှမရှိကြောင်းနဲ့ လုံးဝ ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဆောင်ခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

မစ္စတာဆင်းဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ၁၀ နှစ်တာ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး အခု သူ့နေရာမှာ Bharatiya Janata ပါတီက Narendra Modi တက်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG