သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဆိုင်ကလုန်း ၁၁ ဦးသေ


အိန္ဒိယဆိုင်ကလုန်း ၁၁ ဦးသေ

အိန္ဒိယနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသမှာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် မိုးသည်းထန် လေပြင်း တိုက်ခတ်မှုတွေ ဖြစ်ပွားရာက လူ ၁၁ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။ မြန်မာအမည် သိမ်း လို့ နာမည်ပေးထားတဲ့ ဆိုင်ကလုန်း မုန်တိုင်းဟာ ဒီကနေ့ အစောပိုင်းမှာပဲ လေတိုက်နှုန်း တစ်နာရီကို မိုင် ၈၀ ကျော်နဲ့ ပြင်သစ် ကိုလိုနီမြို့ဟောင်းဖြစ်တဲ့ ပွန်ဒစ်ချယ်ရီ (Pondicherry) အနီး ကုန်းတွင်းကို ၀င်ရောက်လာ ခဲ့တာပါ။

မိုးသည်းထန် လေပြင်းတိုက်ခတ်မှုတွကြောင်း လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်သလို သစ်ပင်တွေလည်း အမြစ်ကနေ ကျွတ်ထွက်ကုန်ကြပါတယ်။ တမီလ်နာဒူး (Tamil Nadu) ပြည်နယ် ကက်ဒါလိုရ် (Cuddalore) ခရိုင်က သေဆုံးသူ အများစုကတော့ နံရံတွေ ပြိုကျတာ၊ ဓာတ်လိုက်တာတွေ ကြောင့် ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းမ၀င်မီမှာပဲ ကမ်းရိုးတန်းကျေးရွာက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်း ထားတယ်လို့လည်း ဆိုပါတယ်။ ငါးဖမ်းသမားတွေလည်း ပင်လယ်ပြင်မှာ လှိုင်းလေကြီးနိုင်တဲ့အတွက် မထွက်ကြဖို့ သတိပေးထားတာပါ။ အိန္ဒိယနိုင်ငံ တောင်ပိုင်းဒေသမှာ ၁၂ နာရီအတွင်း ဆက်လက်ပြီး မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

သိမ်း ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြန်မာနိုင်ငံ နေရာအတော်များများမှာလည်း မိုးရွာသွန်းမှုတွေနဲ့အတူ ကမ်းရိုးတန်းနဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာနက သတင်းထုတ်ပြန်ထားတာပါ။ မိုးသက်လေပြင်း ကျချိန်မှာတော့ မြေပြင်နဲ့ရေပြင်မှာ လေတိုက်နှုန်းဟာ တစ်နာရီ မိုင် ၄၀ လောက်အထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

XS
SM
MD
LG