သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Shyena တော်ပီဒိုပထမအသုတ် အိန္ဒိယစစ်တပ် မြန်မာရေတပ်ကို လွှဲပေး


Shyena တော်ပီဒို
Shyena တော်ပီဒို

အိန္ဒိယရဲ့အဆင့်မြင့် အပေါ့စား(Advanced Light Torpedo TAL) Shyena အမျိုးအစားတော်ပီဒို ပထမအသုတ်ကို မြန်မာနိုင်ငံကို ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ကာကွယ်ရေး ဆိုင်ရာ အပတ်စဉ် သတင်းစာစောင်ဖြစ်တဲ့ Jane’s Defense Weekly မှာဖေါ်ပြထားပါတယ်။ အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရတို့ကြား ၂၀၁၇ အစောပိုင်းက ချုပ်ဆိုခဲ့တဲ့ အမေရိကန်ဒေါ်လာ ၃၇.၉ သန်း၊ တန်ဖိုးရှိတဲ့စာချုပ်ရဲ့ တစိတ်တပိုင်းအရ အခုလို ပို့ဆောင်တာဖြစ်ပါတယ်။

DRDO ခေါ် အိန္ဒိယ ကာကွယ်ရေးဌာနရဲ့ သုတေသနနဲ့ တီထွင်ထုတ်လုပ်ရေး အဖွဲ့အစည်းက ဒီဇိုင်းရေးဆွဲခဲ့ပြီး၊ Bharat Dynamics Limited (BDL) လုပ်ငန်းက Visakhapatnam မြို့ရှိစက်ရုံမှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အရေအတွက် အတိအကျ မဖေါ်ပြထားတဲ့ ဒီတော်ပီဒိုတွေကို ဇူလိုင်လ အစောပိုင်း မြန်မာ့ရေတပ်ကို လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ အစိုးရသတင်း ရပ်ကွက်တွေက Jane’s Defense Weekly ကို ဇူလိုင် ၁၅ ရက်နေ့က ပြောခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။

၂၀၁၂ အစောပိုင်းက အိန္ဒိယရေတပ်မှာ စတင်အသုံးပြုလာတဲ့ လျှပ်စစ်ဓါတ်အားသုံး၊ အရှည် ၂.၇၅ မီတာရှိပြီး အလေးချိန် ၂၂၀ ကီလိုဂရမ် ရှိတဲ့ အသံထိန်း Shyena တော်ပီဒိုမှာ ပေါက်ကွဲစေတဲ့ ယမ်း ၅၀ ကီလိုဂရမ် ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒီ တော်ပီဒိုတွေကို ပြောင်းသုံးပြောင်း တပ်ထားတဲ့ လောင်ချာတွေကတဆင့် သဘောၤတွေနဲ့ ရဟတ်ယာဉ်တွေ ပေါ်ကနေ ပစ်လွှတ်နိုင်တယ်လို့လည်း DRDO သတင်းရပ်ကွက်ကို ကိုးကားပြီး Jane’s Defense Weekly မှာ ဖေါ်ပြထားပါတယ်။ အခုလို Shyena တော်ပီဒိုတွေ ပို့ဆောင်ခြင်းဟာ အိန္ဒိယနဲ့ မြန်မာတို့ကြား စစ်ဘက်ဆက်ဆံရေး တိုးလာနေတာကို ပြသရာရောက်ပြီး နှစ်နိုင်ငံကြားက ခွဲထွက်ရေးလှုပ်ရှားနေတဲ့ တိုင်းရင်းသား သူပုန်တွေ နှိမ်နင်းရေးမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာတာကိုလည်း တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG