အိန္ဒိယနိုင်ငံမှာ ပြင်းအား ၆.၉ ရှိတဲ့ ငလျင်တခု မနေ့က လှုပ်ခတ်ခဲ့လို့ လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ လမ်းတွေပျက်စီးပြီး မြေပြိုမှုတွေလည်း ဖြစ်နေလို့ စစ်သည်အင်အား ၅,၀၀၀ ကျော်နဲ့ ကယ်ဆယ်ရေး လုပ်သားတွေ ကူညီ ဖြေရှင်းနေကြပါတယ်။
အိန္ဒိယနိုင်ငံ ဆစ်ကင်မ် (Sikkim) ပြည်နယ်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အဲဒီငလျင်ကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတင်မက နီပေါ၊ တိဘက်နဲ့ ဘူတန်နိုင်ငံတွေပါ ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။
ဆစ်ကင်မ်ပြည်နယ် အရာရှိတွေ ပြောတာက အလှမ်းဝေးတဲ့ ကျေးရွာ တော်တော်များများနဲ့ သူတို့ အဆက်အသွယ် မရဘဲ ဖြစ်နေပြီး ထိခိုက် ပျက်စီးမှုတွေနဲ့ သေဆုံးသူတွေရဲ့ အခြေအနေတွေကို မသိနိုင်ဘဲ ဖြစ်နေတယ်၊ သေဆုံးသူ ဦးရေဟာလည်း အခုထက် ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။
ငလျင်ဒဏ်ကြောင့် ဆုံးရှုံးမှုဟာ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ကျော်လိမ့်မယ်လို့လည်း အိန္ဒိယ အာဏာပိုင်တွေက ခန့်မှန်းပါတယ်။
ငလျင်ကြောင့် ဆစ်ကင်မ်ပြည်နယ်ထဲမှာ ဆောက်လုပ်နေတဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီက အလုပ်သမားတွေ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
နိုင်ငံခြားသားတွေ တော်တော်များများ အပါအ၀င် ခရီးသွား အနည်းဆုံး ၄၅ ဦးကိုလည်း ရဟတ်ယာဉ်တွေနဲ့ မနေ့က ကယ်တင်ခဲ့တယ်လို့ အိန္ဒိယစစ်တပ် အရာရှိတွေက ပြောပါတယ်။
နီပေါနိုင်ငံမှာတော့ ငလျင်ကြောင့် သေဆုံးသူ ၈ ဦးရှိတယ်လို့ နီပေါ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
တိဘက်တောင်ပိုင်းမှာတော့ သေဆုံးသူ ၇ ဦး အနည်းဆုံး ရှိတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ ဘူတန်နိုင်ငံမှာတော့ သေဆုံးသူ တဦးရှိပါတယ်။