စီးပွားရေးမှာ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတာတွေကို လျှော့ပေါ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ ဆယ်စုနှစ် ၂ စုကြာ လုပ်လာခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ အခုအခါမှာတော့ ကမ္ဘာတလွှား စီးပွားရေးဖွံ့ဖြိုးမှုနှုန်း အလျှင်မြန်ဆုံး တိုင်းပြည်တွေအနက် တခုဖြစ်လာတဲ့အထိပါ။ ဒါပေမဲ့လည်း အောင်မြင်မှုတွေဟာ မျှော်မှန်းထားသလောက် အပြည့်အ၀တော့ မရသေးဖူးလို့ သုံးသပ်သူတွေက မြင်ကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကို အားကောင်းလာစေတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အခုအခါ ရင်ဆိုင်နေရဆဲ စိမ်ခေါ်မှုတွေ ရှိနေတာကိုတော့ ဗွီအိုအေ သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေနဲ့အတူ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
နိုင်ငံတကာက ကြွေးမြီတွေကို ပြန်မဆပ်နိုင်တော့မယ့် အဖြစ်နဲ့ ကြုံရလုနီးနီးအထိ အကျပ်အတည်း ဆိုက်ခဲ့တဲ့ ၁၉၉၁ ခုနှစ်ကစလို့ အိန္ဒိယရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို စတင်တွေ့မြင်လာရတာပါ။ ပြည်ပက ရင်းနှီးမြုပ်နှံသူတွေအပေါ် ကန့်သတ်ချက်တွေနဲ့ ပြည်တွင်းက စီးပွားရေး လုပ်ငန်းတွေအပေါ် ထိန်းချုပ်မှုတွေကို လျှော့ပေါ့၊ အခွန်အတုပ်တွေကို ဖြတ်တောက်ခဲ့တာတွေကို အဲဒီအချိန်တုန်းက ဘဏ္ဍာရေးဝန်ကြီး တာဝန်ယူထားသူ လက်ရှိ ၀န်ကြီးချုပ် မန်းမိုဟန် ဆင်းဂ် (Manmohan Singh) ကစတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေရဲ့ ရလဒ်အဖြစ်နဲ့ကတော့ အခုအခါ အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ စီးပွားရေး တိုးတက်မှုနှုန်း အလျှင်မြန်ဆုံးတိုင်းပြည် ဖြစ်လာတာပါ။ စီးပွားရေး တခုလုံးအနေနဲ့ ၄ ဆလောက်အထိ ကြီးထွားလာသလို၊ လူတဦးချင်း ၀င်ငွေဟာလည်း ၆ ဆလောက်အထိ တက်လာခဲ့တာ ဖြစ်ပါတယ်။ အစိုးရ အရန်ငွေကြေး အနေနဲ့ ဒေါ်လာ ၆ သန်းလောက်သာ ရှိနေရာက အခုအခါ သန်းပေါင်း ၃ သိန်းအထိ ရှိလာပါပြီ။
အိန္ဒိယနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ အကြီးအကဲ ရာဂျစ်ဗ် ကူမား (Rajiv Kumar) ကတော့ ဒီလိုအောင်မြင်မှုတွေဟာ ပုဂ္ဂလိကပိုင် ကဏ္ဍမှာ ထိန်းချုပ်မှုတွေ လွှတ်ပေးလိုက်တဲ့ ရလဒ်တွေအဖြစ် သုံးသပ်ပါတယ်။
“အရေးကြီးဆုံးကိစ္စအဖြစ် ကျနော်မြင်တာကတော့ အိန္ဒိယနိုင်ငံသားတွေရဲ့ အစဉ်အလာ ခွန်အားဖြစ်တဲ့ စွန့်ဦးတည်ထွင် လုပ်ကိုင်လိုစိတ်ကို လွတ်လပ်ခွင့် ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကို ၁၉၉၁ ခုနှစ် မတိုင်မီ အချိန်အထိ ဆိုရှယ်လစ်ဝါဒနဲ့ ဗဟိုကဦးစီးတဲ့ အတွေးအခေါ် အယူအဆတွေနဲ့ တုပ်နှောင်၊ လှောင်ချိုင့်အသွင်း ခံခဲ့ရတာပါ။”
အိန္ဒိယနိုင်ငံမှာ အခုအခါ တယ်လီဖုန်းသုံးစွဲသူ အရေအတွက်ဟာ သန်းပေါင်း ၈၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေဟာ ဆိုရင်လည်း ကြီးထွားလာနေသလို၊ ပြည်ပပို့ကုန် လုပ်ငန်းတွေမှာလည်း အရှိန်အဟုန် ကြီးထွားနေတာပါ။ စီးပွားရေး အောင်မြင်မှုတွေကိုတော့ အထူးသဖြင့် သတင်းနဲ့ နည်းပညာကဏ္ဍ၊ ၀န်ဆောင်မှုကဏ္ဍတွေက အဓိက ဦးဆောင်နေတာ ဖြစ်ပါတယ်။ ကွန်ပြူတာ ဆော့ဖ်ဝဲ ကျွမ်းကျင်သူတဦးဖြစ်တဲ့ ရာဂျီးဗ် နန္ဒ (Rajeev Nanda) ဟာဆိုရင် ၁၉၈၀ ပြည့်လွန် နှစ်တွေမှာ အမေရိကန် ပြည်ထောင်စုကို ပြောင်းရွှေ့ အခြေစိုက်ကြတဲ့ အိန္ဒိယနိုင်ငံသားတွေထဲက တဦးဖြစ်ပြီး၊ အခုအခါ အမေရိကန် အခြေစိုက် ကုမ္ပဏီအတွက် ဘင်္ဂလိုးမြို့မှာ ရုံးထိုင်ဖို့ ပြန်ရောက်လာသူလည်း ဖြစ်ပါတယ်။
စီးပွားရေးကို စီမံခန့်ခွဲရာမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က သူထွက်လာတုန်းက အခြေအနေနဲ့ သိသိသာသာ ခြားနားနေပြီလို့ ပြောပြပါတယ်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အခြေအနေက ပြောင်းပြန် ဖြစ်သွားတာမျိုးကိုတောင် ကျနော်တို့ တွေ့ပါတယ်။ လူတွေက တခြားကို မသွားချင်ကြတော့ပါဘူး။ သူတို့အနေနဲ့ ဒီမှာ သာယာတဲ့ဘ၀တွေ၊ အခွင့်အလန်းကောင်းတွေ ရနေကြပါပြီ။”
ဒါပေမဲ့လည်း နှစ်ပေါင်း ၂၀ ကြာလာတဲ့အခါမှာ အိန္ဒိယရဲ့ စီးပွားရေး တော်လှန်ပြောင်းလဲမှုတွေဟာ တ၀က်တပျက်သာ အောင်မြင်မှု ရသေးတယ်လို့ ဆန်းစစ်သူတွေက မြင်ကြပါတယ်။ တချို့ကဆိုရင်လည်း တိုးတက်မှု အရှိန်အဟုန်တွေ အားလျော့မှာကို စိုးရိမ်လာကြတာပါ။ ရင်းနှီးမြုပ်နှံသူတွေကတော့ လက္ကားနဲ့ အာမခံလုပ်ငန်းတွေလို တင်းတင်းကျပ်ကျပ် ဆက်လက် ထိန်းချုပ်ထားဆဲ ကဏ္ဍတွေမှာ လွတ်လပ်ခွင့် ပေးတာမျိုးလို၊ နောက်တကြိမ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာလေမလား နှစ်ပေါင်းများစွာ မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။ ဒီလိုပဲ ဆင်းရဲမွဲတေမှု ပြဿနာဟာ အထူးသဖြင့် တိုင်းပြည်ရဲ့ ကျေးလက်ဒေသမှာ ကြီးထွားနေဆဲပါ။ လူဦးရေရဲ့ ၄၀% ကျော်၊ လူပေါင်းသန်း ၄၅၀ ဟာဆိုရင် တနေ့ကို အမေရိကန် ၂ ဒေါ်လာအောက် ၀င်ငွေနဲ့ ရပ်တည်နေရတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဘဏ္ဍာရေးဝန်ကြီးဟောင်း၊ လက်ရှိပြည်ထဲရေးဝန်ကြီး ပီ ချီဒမ်ဘရမ် (P Chidambaram) တို့လို အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေကတော့ စီးပွားရေး ဖွံ့ဖြိုးမှုတွေ အလျှင်အမြန် ကြီးထွားလာရာက ပြဿနာတွေကို ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြတာပါ။
“ကျနော်တို့အတွက် အကြီးမားဆုံး မအောင်မြင်မှု အဖြစ်နဲ့ကတော့ ဆင်းရဲမွဲတေမှု လျှော့ချရေးမှာ လိုအပ်သလောက် ခြေလှမ်း မသွက်တာ၊ အလုပ်အကိုင်တွေ ပိုမိုရရှိရေးမှာ ထင်သလောက် မမြန်တာပဲ ဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းက ပျမ်းမျှ ၈% ကျော်နဲ့ နှစ်အတော်ကြာကြာ ၉% မှာ ထိန်းထားနိုင်မှသာ၊ ဆင်းရဲမွဲတေမှု လျှော့ချရေးဟာ အရှိန်ရလာမှာ ဖြစ်ပါတယ်။”
အိန္ဒိယနိုင်ငံအတွက် နောက်ထပ် အဓိကစိမ်ခေါ်မှုတခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မြင်နေကြတာကတော့ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ အရှိန်အဟုန် ကောင်းကောင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ စီးပွားရေး တိုးတက်မှုနှုန်း အလျှင်မြန်ဆုံးနဲ့ အမေရိကန် ပြည်ထောင်စုပြီးရင် ဒုတိယ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံတခုဖြစ်လာတဲ့ တရုတ်နိုင်ငံအပေါ် စိုးရိမ်မကင်း ဖြစ်လာကြတာပါ။
နှစ်ပေါင်း ၃၄ နှစ်ကြာ အိန္ဒိယနိုင်ငံရဲ့ ၀ါရင့်သံတမန် အဖြစ် အမှုထမ်းခဲ့ဖူးသူ ရှိုင်ယမ် ဆရန် (Shyam Saran) ကတော့ အိမ်နီးချင်း ၂ နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ အခန်းကဏ္ဍဟာ အာရှတိုက်မှာသာမက အနာဂတ် ကမ္ဘာ့စီးပွားရေး အခင်းအကျင်းတွေ ပြောင်းလဲတဲ့အထိ တွန်းအားတွေ ဖြစ်စေနိုင်ပေမဲ့ တချိန်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ အရှိန်အ၀ါဟာ အိန္ဒိယနိုင်ငံအတွက် စိုးရိမ်စရာ ဖြစ်မယ်လို့ မြင်ပါတယ်။
“ဒေသတွင်းမှာ အကြီးမားဆုံး စိမ်ခေါ်မှုအဖြစ် ကျနော်တို့ ရင်ဆိုင်နေရတာကတော့၊ ဟုတ်ပါတယ် ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံရဲ့ စိမ်ခေါ်မှုပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြီးထွားဖြစ်ထွန်းလာမှုကို ကြည့်မယ်ဆိုရင် ဒေသတွင်း လုံခြုံရေး အခင်းအကျင်းမှာ ဘယ်လိုဖြစ်လာခဲ့သလဲ? စီးပွားရေး အခင်းအကျင်းမှာရော ဘယ်လိုပုံစံတွေ ဖြစ်လာသလဲ? ဆိုတာတွေ တွေ့ရမှာပါ။”
စီးပွားရေးမှာ အပြိုင်အဆိုင် လုပ်ကိုင်နေရတဲ့ စိမ်ခေါ်မှုတွေ သာမက အိန္ဒိယနိုင်ငံအတွက် ပြည်တွင်းမှာလည်း ကြီးကြီးမားမား စိမ်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ လတ်တလော ကြုံနေရတဲ့ ငွေကြေးဖောင်းပွမှု ပြဿနာကို ဖြေရှင်းဖို့အတွက် ဗဟိုဘဏ်က ဇူလိုင်လထဲမှာပဲ အတိုးနှုန်းတွေကို ၀.၅% တိုးပြီး ၈% အထိ တိုးမြှင့်သတ်မှတ်ခဲ့ရတာပါ။ ကုန်ဈေးနှုန်းနဲ့ လောင်စာဆီဈေး ကြီးမြင့်မှုတွေက မီးထိုးပေးနေတဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၉% တ၀ိုက်လောက်မှာ ရှိနေတာမို့ ပြီးခဲ့တဲ့နှစ် မတ်လကစလို့ ၁၁ ကြိမ်မြောက်အဖြစ် အတိုးနှုန်းတွေကို မြှင့်လိုက်ဖို့ကလွဲပြီး ရွေးစရာ လမ်းမရှိဘူးလို့လည်း ဗဟိုဘဏ်ဥက္ကဋ္ဌ က ပြောပါတယ်။
တကယ်တော့ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုမှာ အဆင့် ၁၀ နေရာမှာ ရှိနေတဲ့ အိန္ဒိယနိုင်ငံဟာ ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထားပြီး တတိယအဆင့်ကို ရောက်လာဖို့ မျှော်လင့်ထားတာပါ။ ဒါပေမဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေ ထင်သလောက် ဖြစ်မလာတာ၊ တိုင်းပြည်ရဲ့ အကြီးမားဆုံး ပြဿနာဖြစ်တဲ့ ဆင်းရဲမွဲတေမှုနဲ့ ငွေကြေးဖောင်းပွမှုတွေကအစ အစိုးရ အရာရှိတွေရဲ့ အကျင့်ပျက် ခြစားမှုတွေအဆုံး ဖြေရှင်းစရာ ကိစ္စတွေက ဒီရည်မှန်းချက် လမ်းကြောင်းပေါ်မှာ ကြီးကြီးမားမား အဟန့်အတားတွေ ဖြစ်နေရတဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။