အိန္ဒိယနိုင်ငံမှာ ကွန်မြူနစ်ပါတီတွေ အဓိက ခြေကုတ်ယူထားတဲ့ ပြည်နယ်တွေကနေ မဲဆန္ဒရှင်တွေက မဲပေး ဖြုတ်ချလိုက်ပါတယ်။ အဲဒီလို ကွန်မြူနစ်တွေ ရွေးကောက်ပွဲမှာ မဲရှုံးတဲ့အဖြစ် ကြုံနေရတဲ့အချိန် တဘက်မှာ အဂတိ လိုက်စားမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဏာရ ကွန်ဂရက်ပါတီ အောင်ပွဲရအောင် ဖန်တီးပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။
ပြည်နယ်ရွေးကောက်ပွဲတွေရဲ့ ရလဒ်တွေ သောကြာနေ့က ထွက်ခဲ့ပါတယ်။ အနောက်ဘင်္ဂလား ပြည်နယ်မှာ ဒီမိုကရေစီနည်းနဲ့ ရွေးကောက် တင်မြှောက်ခံခဲ့ရပြီး နှစ်ပေါင်း ၃၀ ကြာလောက် အုပ်ချုပ်လာတဲ့ ကွန်မြူနစ်ပါတီကို ထရီနာမူးလ် ကွန်ဂရက် (Trinamool Congress) ပါတီက အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။ ထရီနာမူးလ် ကွန်ဂရက်ပါတီဟာ အိန္ဒိယ အာဏာရပါတီ ကွန်ဂရက်ပါတီရဲ့ မဟာမိတ်လည်း ဖြစ်ပါတယ်။
ကွန်ဂရက်ပါတီဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသက အာသံပြည်နယ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သလို ကီရီလာ (Kerela) ပြည်နယ်မှာလည်း ကွန်မြူနစ်ပါတီတွေကို အနိုင်ရခဲ့ပြန်ပါတယ်။
ကွန်မြူနစ်ပါတီတွေ အစဉ်အလာအရ အနိုင်ရခဲ့တဲ့ ဒေသတွေမှာ လက်ရှိ အိန္ဒိယနိုင်ငံရဲ့ အာဏာရ ကွန်ဂရက်ပါတီ ဦးဆောင်တဲ့ မဟာမိတ်တွေ အနိုင်ရလိုက်တာက သူတို့ လက်ရှိ လုပ်ဆောင်နေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ရှေ့ဆက် ဖိလုပ်သွားဖို့ အခွင့်အရေး ပိုရသွားစေပါတယ်။
ဒါပေမဲ့ ကွန်ဂရက်ပါတီအတွက် အရေးပါတဲ့ မဟာမိတ်တဦးဖြစ်သူ ဒရာဗီဒါ မွန်နီထရာ ကာဇာဂမ်း (Dravida Munnetra Kazhagam) ကတော့ တမီးလ် နာဒူး (Tamil Nadu) ပြည်နယ် ရွေးကောက်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပါတယ်။
တမီးလ် နာဒူး ပြည်နယ်မှာ လက်ရှိ အာဏာရပါတီ အခုလို ရှုံးနိမ့်သွားခဲ့တာက လူထုအနေနဲ့ သန့်ရှင်းတဲ့ အစိုးရမျိုး လိုချင်တယ် ဆိုတာကို ပြသလိုက်တယ်ဆိုတာ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) ဦးဆောင်တဲ့ ကွန်ဂရက်ပါတီ အနေနဲ့ သဘောပေါက်သင့်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။