သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာလကတ္တားဆေးရုံမီး လူ ၉၀ ခန့်သေဆုံး


အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ဆေးရုံမီးလောင်မှုဖြစ်ပွားအပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေက ကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်နေစဉ်။ (ဒီဇင်ဘာလ ၉၊ ၂၀၁၁)
အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ဆေးရုံမီးလောင်မှုဖြစ်ပွားအပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေက ကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်နေစဉ်။ (ဒီဇင်ဘာလ ၉၊ ၂၀၁၁)

ဒီကနေ့မနက်အစောပိုင်း အိန္ဒိယနိုင်ငံအရှေ့ဘက်၊ အနောက်ဘင်္ဂလားပြည်နယ် ကာလာကတ္တားမြို့က အထပ်များစွာမြင့်တဲ့ ပုဂ္ဂလိကပိုင် AMRI ဆေးရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ လူ ၈၈ ယောက် သေဆုံးသွားခဲ့ပြီး သေဆုံးသူအများစုဟာ မီးတောက်တွေကြားမှာ ပိတ်မိနေကြတဲ့လူနာတွေ ဖြစ်ပါတယ်။ သေဆုံးသူလူနာတွေရဲ့ အလောင်းတွေကို မိသားစုတွေက ထုတ်ယူလာနေကြတာကို ဒေသခံ ရုပ်မြင်သံကြား သတင်းတွေမှာ အဆက်မပြတ်ပြသနေပြီး ဆေးရုံရဲ့ မြေအောက်ထပ် ဓါတုဗေဒပစ္စည်းတွေ ထားရှိရာ စတိုခန်းတွေကနေ မီးစတင်လောင်ခဲ့တာလို့ ဆေးရုံအရာရှိတွေက ပြောဆိုကြပါတယ်။

မီးသတ်ကားတွေ ရောက်မလာမီမှာ ရပ်ကွက်လူထုက ဆေးရုံဝင်းထဲ ဝင်ရောက်ပြီး လူနာတွေကို တတ်နိုင်သမျှ ကယ်ထုတ်ခဲ့ကြပါတယ်။ မီးသတ်ကားတွေရောက်လာပြီး ၅ နာရီကျော် ငြိမ်းသတ်ပြီးမှ မီးညွှန့်ကျိုးသွားခဲ့ပါတယ်။ မီးလောင်စဉ်မှာ ဆေးရုံဝန်ထမ်းတချို့က လူနာတွေကို ပစ်ပြီး ထွက်ပြေး သွားကြတယ်လို့ အာဏာပိုင်တွေဘက်က စွပ်စွဲထားပြီးတော့ ဆေးရုံရဲ့လုပ်ငန်းလိုင်စင်ကို ရုပ်သိမ်းလိုက်ပြီလို့ အနောက်ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ် မစ္စမာနာတာဘနာဂျီ (Ms. Mamata Banerjee) က ပြောဆိုပါတယ်။

ဆေးရုံရဲ့ မီးဘေးကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားမှုဟာ အဆင့်အတန်းမမှီဘူးလို့ စစ်ဆေးတွေ့ရှိခဲ့ရင် လုံးဝခွင့်လွှတ်နိုင်စရာမရှိတဲ့ ဒီပြစ်မှုကြီးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးမယ်လို့လည်း ဝန်ကြီးချုပ် မစ္စဘနာဂျီ က ဆိုပါတယ်။ မီးလောင်စဉ်က ကုတင် ၁၉၀ ဆန့်တဲ့ ဒီဆေးရုံမှာ လူနာ ၁၆၀ ရှိပြီးတော့ မီးသတ်သမားတွေက လူနာ ၅၀ လောက်ကို မျက်နှာချင်းဆိုင်က ဆေးရုံတစ်ရုံကို ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ ဝန်ကြီးချုပ် မစ္စဘနာဂျီရဲ့ ယာဉ်တန်းက ဆေးရုံရှိရာ လမ်းကျဉ်းလေးမှာ လာရောက်ပိတ်ဆို့နေတာကြောင့် အရေးပေါ်လူနာတင်ကားတွေ ဆေးရုံဝင်းထဲ အချိန်မီ မဝင်ရောက်နိုင်ဘဲ ဖြစ်ခဲ့ရတယ်လို့ လူနာတွေရဲ့ မိသားစုတွေက ဒေသခံသတင်းဌာနတွေကို ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

XS
SM
MD
LG