သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယပြည်ပဆက်ဆံရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး


အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး Sushma Swaraj နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံ (MOI)

မြန်မာနိုင်ငံကို ၁ ရက်ကြာ ခရီးစဉ် ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး Sushma Swaraj ဦးဆောင်တဲ့ နိုင်ငံခြားရေးကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံအကြား ပညာရေး ကျန်းမာရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက်ကိုထက်အောင် သတင်းပေးပို့ထားတာပါ။

အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး Sushma Swaraj ဟာ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးအတွင်းဝန်နဲ့ အခြားနိုင်ငံခြားရေးအရာရှိတွေကို ဦးဆောင်လာရောက်တာဖြစ်ပြီး၊ ဒီအဖွဲ့ဟာ NLD အစိုးရသစ် တက်ပြီးနောက်ပိုင်း အိန္ဒိယဘက်က အဆင့်မြင့်ဆုံးကိုယ်စားလှယ်အဖွဲ့လို့ ဆိုနိုင်ပါတယ်။ မကြာသေးခင်ပဲ တရုတ်ပြည်ကမှ ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ မွန်းလွဲပိုင်းက တွေ့ဆုံဖြစ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါ်အေးအေးစိုးက ဗွီအိုအေကို ပြောပါတယ်။

“အဓိကတော့ ပညာရေးတို့ ကျန်းမာရေးတို့၊ ကျောင်းတို့ဆေးရုံတို့အကြောင်းပြောတယ်။ လမ်းပန်းဆက်သွယ်ရေးပြောတယ် ကုန်သွယ်ရေအကြောင်းပြောတယ် Trade ပြောတယ် အဲဒါ ၂ နိုင်ငံကြားမှာ ဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေလုပ်ရင်ကောင်းတယ်၊ ဘာတွေကပိုပြီးတော့ Immediate effective ဖြစ်တယ်။ စသဖြင့် အပြန်အလှန်အမြင်ချင်းဖလှယ်ပြီးတော့ အဲဒီကိစ္စတွေအဓိကထားဆွေးနွေးသွားပါတယ်။”

အိန္ဒိယ ပြည်ပရေးရာဝန်ကြီး Sushma Swaraj ဦးဆောင်တဲ့ နိုင်ငံခြားရေး ကိုယ်စားလှယ် အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့မတွေ့ခင်ကတော့ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ သမ္မတအိမ်တော်မှာပဲ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံစဉ် မှာတော့ နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြင့်ဖို့၊ ပို့ဆောင်ရေး ကျန်းမာရေးနဲ့ စွမ်းအင် ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ ပဲစိုက်တောင်သူတွေအတွက် အိန္ဒိယနိုင်ငံက နည်းပညာအကူအညီပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာသမ္မတရုံးက ထုတ်ပြန် ပါတယ်။

အိန္ဒိယနိုင်ငံက ထုတ်ပြန်တဲ့ သတင်းတွေမှာတော့ အိန္ဒိယ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခိုင်မာဖို့နဲ့ လူမှုစီးပွားဖွံဖြိုးရေးအတွက် လိုအပ်သလို အကူအညီပေးမယ်ဖို့ အဆင်သင့်ရှိတဲ့အကြောင်း အိန္ဒိယ ပြည်ပဆက်ဆံရေးဝန်ကြီးက ပြောဆိုခဲ့တယ် လို့ ဖော်ပြပါတယ်။ ဒီသဘောထားကို အိန္ဒိယ၀န်ကြီးချုပ် Narendra Modi နဲ့ အိန္ဒိယသမ္မတ Pranab Mukherjee တို့က အိန္ဒိယ ပြည်ပရေးရာဝန်ကြီးက တဆင့် မြန်မာတာဝန်ရှိသူတွေထံ စကားပါးလိုက်တာလို့ အိန္ဒိယသတင်းတွေ မှာ ဖော်ပြပါတယ်။

မြန်မာတာဝန်ရှိသူတွေနဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီးတို့ တွေ့ဆုံချိန်မှာ ဒေသတွင်း လုံခြုံရေးကိစ္စ ၊ အထူးသဖြင့် နယ်စပ်က အိန္ဒိယသူပုန်တွေကိစ္စကိုလည်း အိန္ဒိယ ဘက်က ဆွေးနွေးလိမ့်မယ်လို့ အိန္ဒိယသတင်းတွေက ခန့်မှန်းရေးသားခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံကို သွားရောက်တဲ့ခရီးစဉ်အပြီးမှာပဲ၊ အိန္ဒိယဘက်က အဆင့်မြင့်ေ ခါင်းဆောင်တဦး မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ တရားဝင်ဖိတ်ကြားချက်အရ မြန်မာသမ္မတဦးထင်ကျော်အနေနဲ့ အခုလာမယ့် သြဂုတ်လ ကုန်ပိုင်းမှာ အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ဖို့ ရှိတယ် လို့ မြန်မာနိုင်ငံခြားရေးဌာနက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။ ဒါပေမယ့် အဲဒီခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမပါ ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG