သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ မိုဒီတိုက်တွန်း


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Narendra Modi
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Narendra Modi

အိန္ဒိယနိုင်ငံမှာ လေးရက်ကြာ အလည်အပတ်ခရီးရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ နယူးဒေလီမြို့တော်မှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။

အိန္ဒိယအစိုးရရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Ajit Kumar Doval ပါတက်ရောက်တဲ့ ဒီတွေ့ဆုံပွဲမှာ Narendra Modi က အိန္ဒိယနဲ့မြန်မာနှစ်နိုင်ငံကြား စွမ်းအင်နဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ ကျယ်ပြန့်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

တွေ့ဆုံပွဲမှာ မစ္စတာ Modi က ပြီးခဲ့နှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံမှာကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးအစည်းဝေးနဲ့ အရှေ့တောင်အာရှ နိုင်ငံများ ထိပ်သီးအစည်းအဝေးကိုတက်ဖို့ ရောက် ရှိစဉ်မှာ သူနဲ့ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းတွေကို သတိတရ ပြန်ပြောင်း ပြော ဆိုခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံရေး၊ စီပွားရေး၊ လုံခြုံရေး၊ ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံရေးအပါအဝင် ကဏ္ဍတိုင်းမှာ ဆက်ဆံရေးကို ဦးစားပေးအဆင့်ထားရှိကြောင်း ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးမှုမှာ ယုံကြည်စိတ်ရတဲ့ မိတ်ဆွေနိုင်ငံဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သလို မြန်မာနိုင်ငံရဲ့ တည်ငြိမ် အေးချမ်းမှုဟာ ဒေသတွင်းအတွက်ကော နယ်မြေချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံအတွက်ပါ အရေးပါကြောင်း ပြောပါတယ်။

ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေခံအဆောက်အုံတွေ၊ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးရေး စီမံကိန်းတွေရဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကို ဝန်ကြီးချုပ်မိုဒီကို ရှင်းပြခဲ့တယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

ဒီကနေ့မှာတော့ ပူးတွဲ ညှိနှိုင်းတိုင်ပင်ရေးကော်မရှင် JCC အစည်းအဝေးမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj နဲ့အတူ ဦးဝဏ္ဏမောင်လွင်က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မှာပါ။ ဒီအစည်းအဝေးဟာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းစေပြီး မိတ်ဖက် ဆက်ဆံရေးကို တိုးချဲ့ဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။

XS
SM
MD
LG