သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အုပ်စုဖွဲ့အဓမ္မကျင့်မှု အိန္ဒိယမှာ ထပ်မံဖြစ်ပွား


အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရသူ ဆွစ်ဇာလန် အမျိုးသမီးကို ဆေးစစ်ချက်ရယူရန် ဆေးရုံကိုအသွား။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။
အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရသူ ဆွစ်ဇာလန် အမျိုးသမီးကို ဆေးစစ်ချက်ရယူရန် ဆေးရုံကိုအသွား။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။
အိန္ဒိယနိုင်ငံ မက်ဒ်ယာ ပရာဒက်ရှ်ပြည်နယ်အတွင်း ဆွစ်ဇာလန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြသူ အမျိုးသား ၅ ယောက်က သူတို့အနေနဲ့ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ကြတယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

အသက် ၃၉ နှစ်အရွယ် အဓမ္မပြုကျင့်ခံရသူအမျိုးသမီးဟာ သူမရဲ့ယောင်္ကျားဖြစ်သူနဲ့အတူ စက်ဘီးနဲ့ ဘုရားကျောင်းတခုကို သွားရောက်ခဲ့ပြီးနောက် လမ်းဘေးတနေရာ တောတွင်းစခန်း ကျတဲ့နေရာမှာ လူတစုကနေ ဝိုင်းဝန်းအဓမ္မ ပြုကျင့်တာ ခံခဲ့ရတာပါ။

သူမရဲ့ယောင်္ကျား ဖြစ်သူကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး ဇနီးဖြစ်သူကို ခင်ပွန်းသည်ရဲ့ ရှေ့မှာတင် အဓမ္မပြုကျင့်ခဲ့ကြတာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးတဲ့ ရဲအရာရှိ DK Arya ကပြောပါတယ်။ သူတို့ထံက လပ်တော့ ကွန်ပျူတာ ရူပီးငွေ တသောင်း နဲ့ လက်ကိုင်ဖုန်းစတာတွေကိုလည်း ခိုးယူခဲ့ကြတယ်လို့ပြောပါတယ်။

အမျိုးသမီးကို ဒေသတွင်းက ဆေးရုံမှာ ဆေးဝါးကုသမှုပေးခဲ့ရပြီး အခုတော့ ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဆွစ်ဇာလန် သံအမတ်ကြီးက အကြမ်းဖက်ခံခဲ့ရတဲ့ ဇနီးမောင်နှံနဲ့ စနေနေ့မှာတွေ့ဆုံစကားပြောခဲ့ပြီး ဒီအမှုကို အမြန်ဖော်ထုတ်ပေးဖို့ အိန္ဒိယ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

အဓမ္မပြုကျင့်ခံရသူအမျိုးသမီးနဲ့ သူ့ရဲ့ခင်ပွန်းတို့ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကနေ နယူးဒေလီမြို့အထိ ၃ လကြာ စက်ဘီးနဲ့ခရီးသွားနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း နယူးဒေလီမြို့က ဘတ်စ်ကား တစီးပေါ်မှာ ၂၃ နှစ်အရွယ်ကျောင်းသူ တယောက်ကို အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တဲ့အတွက် လူအများဒေါသထွက်ခဲ့ကြပါတယ်။ အဲဒီလိုလိင်ပိုင်းဆိုင်ရာစော်ကားမှု ဖြစ်ပွားခဲ့ပြီး ၃ လအကြာမှာ အခုအမှု ထပ်မံဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG