အိန္ဒိယနိုင်ငံမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေဟာ စိုးရိမ် စရာကောင်းလောက်အောင် သာမန် ဖြစ်စဉ်လို ဖြစ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုက ပြောလိုက်ပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတဲ့ကိစ္စတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပျက်ကွက်နေတာနဲ့ အဲဒီလို အစော်ကားခံရတဲ့ ကလေးငယ်တွေ ကို ပြုစုစောင့်ရှောက်ဖို့ ပျက်ကွက်နေတာတွေကို လေ့လာထားတဲ့ “တိတ်ဆိတ်မှုကို ဖြိုခွဲခြင်း၊ အိန္ဒိယ ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း” ဆိုတဲ့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရတယ်လို့ တိုင်ကြားတဲ့ ကလေးငယ်တွေကို ရဲ၊ ကျန်းမာရေးဆိုင်ရာ ၀န်ထမ်းတွေနဲ့ တခြားအာဏာပိုင် အဖွဲ့အစည်း အသီးသီးက မသိကျိုးကျွန် ပြုနေကြတယ်လို့ HRW ရဲ့ တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Meenakshi Ganguly က ပြောပါတယ်။
ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရကြောင်း တိုင်ကြားချက် ဖွင့်တဲ့အချိန်ကစလို့ အမှုရင်ဆိုင်တဲ့အထိ အစိုးရရဲ့ ရာဇ၀တ်မှုဆိုင်ရာ ကျင့်ထုံးတွေကို အရေးတကြီး ပြင်ဆင်ဖို့ လိုအပ်နေပြီလို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။