သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမြောက်ပိုင်းမှာ အရက်တုသောက်လို့ ၃၉ ယောက်သေဆုံး


အိန္ဒိယနိုင်ငံ Azamgarh ဒေသတွင်း တရားမဝင် ရောင်းချနေတဲ့ အရက်တုတွေကို ရဲတပ်ဖွဲ့ဝင်တဦးက ဖမ်းဆီးရမိချိန် (အောက်တိုဘာ ၂၀၊ ၂၀၁၃)
အိန္ဒိယနိုင်ငံ Azamgarh ဒေသတွင်း တရားမဝင် ရောင်းချနေတဲ့ အရက်တုတွေကို ရဲတပ်ဖွဲ့ဝင်တဦးက ဖမ်းဆီးရမိချိန် (အောက်တိုဘာ ၂၀၊ ၂၀၁၃)

အိန္ဒိယနိုင်ငံမြောက်ပိုင်းက ရွာအတော်များများမှာ ဈေးပေါပေါနဲ့ရတဲ့ အရက်အတုတွေ သောက်မိရာကနေ ၃၉ ယောက် ထက်မနည်း သေဆုံးပြီး နောက်ထပ် ၂၇ ယောက် ကတော့ နာမကျန်းဖြစ်ကုန်ကြတယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မြို့တော် နယူးဒေလီကနေ မိုင် ၁၉၀ လောက် ဝေးတဲ့ အူတာပရာဒက်ရှ်ပြည်နယ်မှာ သီးခြားစီဖြစ်ခဲ့တဲ့ အဖြစ်အပျက် ၂ ခုမှာတော့ လူ ၂၆ ယောက်သေဆုံးခဲ့တယ်လို့ အူတာပရာဒက်ရှ်ပြည်နယ် အကြီးတန်းရဲအရာရှိ Ashok Kumar က ပြောပါတယ်။ ဒါ့အပြင် အဲဒီနားက Uttarakhand ပြည်နယ်မှာတော့ ၁၃ ယောက် သေဆုံး ခဲ့ပြီး အများစုကတော့ Balpur ရွာကဖြစ်ကြပါတယ်။ သေဆုံးသွားသူတွေဟာ ကြာသပတေးနေ့ညက လုပ်ခဲ့တဲ့ အိန္ဒိယရိုးရာဓလေ့ထုံးတမ်းပွဲ ၂ ခုအတွင်း အရက်တွေသောက်ခဲ့ကြတာဖြစ်တယ်လို့ ကူးမားက ပြောပါတယ်။

မှုခင်းဆေးပညာဆိုင်ရာ ကနဦး ဆေးစစ်ချက်တွေအရတော့ အဲဒီအရက်တွေထဲမှာ မက် သနောတွေ ပါဝင်နေတယ်လို့ ဖော်ပြနေပါတယ်။ ရဲက တရားမဝင် အရက် ခိုးရောင်းသူ လို့ သံသယရှိသူ ၈ ဦးကို ဖမ်းဆီး လိုက်ပြီး တချိန်တည်းမှာပဲ ခရိုင်အုပ်ချုပ်ရေး အာဏာပိုင်တွေကလည်း ရဲတပ်ဖွဲ့ဝင် ၁၂ ဦးအပါအဝင် တာဝန်ရှိသူ ၃၅ ယောက်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဆင်းရဲတဲ့လူတွေဟာ လိုင်စင်နဲ့ရောင်းချတဲ့ အရက်တွေကို ဝယ်မသောက်နိုင်တာကြောင့် တရားမဝင် ချက်လုပ်ရောင်းချတဲ့အရက်တွေကို သောက်ပြီး သေဆုံးကြတာတွေဟာ မကြာခဏဆိုသလို ဖြစ်လေ့ရှိပါတယ်။ အိန္ဒိယမှာ တရားမဝင်အရက်ရောင်းတဲ့သူတွေဟာ အခွန်မပေးရတာကြောင့် အမြတ်အစွန်း ကြီးကြီးမားမားရကြတာလည်းဖြစ်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG