သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန် နဲ့ အိန္ဒိယ ခရီးစတင်


U.S. Secretary of Defense Jim Mattis, right, speaks next to U.S. Secretary of State Mike Pompeo at the 2018 Australia-U.S. Ministerial Consultations in Stanford, Calif., July 24, 2018. The two secretaries travel to India for "2 plus 2" dialogue Thursday.
U.S. Secretary of Defense Jim Mattis, right, speaks next to U.S. Secretary of State Mike Pompeo at the 2018 Australia-U.S. Ministerial Consultations in Stanford, Calif., July 24, 2018. The two secretaries travel to India for "2 plus 2" dialogue Thursday.

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ တခြားအဆင့်မြင့်တာဝန်ရှိသူတွေဟာ ဗုဒ္ဓဟူးနေ့က ပါကစ္စတန် မှာ အစိုးရထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် အိန္ဒိယကို ဆက်ထွက်သွားကြပါပြီ။ အမေရိကန်ပြည်ထောင် စုနဲ့ အိန္ဒိယ နှစ်နိုင်ငံအကြား နိုင်ငံရေးနဲ့ လုံခြုံရေးပိုင်း ဆက်ဆံရေးတွေကို အရှိန်မြှင့်ပြီး လုပ်ဆောင်နေတာနဲ့အမျှ ဒီဆက်ဆံရေး မှာ အဖုအထစ်ဖြစ်စရာတွေလည်း ရှိနေပါတယ်။ အဲဒီထဲမှာ အဓိကအကျဆုံးကတော့ အီရန်နဲ့ ရုရှားတို့ဆီကနေ ရေနံနဲ့ စစ် လက်နက်ပစ္စည်းတွေကို အိန္ဒိယက ဆက်ပြီး ဝယ်ယူနေတဲ့ကိစ္စပါ။ နယူးဒေလီမြို့တော်ကနေ Anjana Pasricha ပေးပို့ထားတဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုအကြား အဆင့်မြင့် ဆွေးနွေးပွဲတွေ မကြာခင်မှာလုပ်ဖို့ရှိပြီး အိန္ဒိယက အီရန်ဆီကနေ ရေနံဝယ်ယူနေတာနဲ့ ရုရှားဆီကနေ စစ်လက်နက်ပစ္စည်း ဝယ်ယူနေတာတွေကို ရပ်ပစ်ဖို့ အမေရိကန်က အိန္ဒိယကို ဖိအားပေး ပြောဆိုမယ့်အရေးက အဓိကအကြောင်းရပ်တခုအဖြစ် ပါဝင်မှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ကာကွယ်ရေးဝန်ကြီး Jim Mattis တို့ဟာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj ၊ ကာကွယ်ရေးဝန်ကြီး Nirmala Sitharaman တို့နဲ့ ကြာသပတေးနေ့ကျရင် နယူးဒေလီမှာ ဆွေးနွေးကြမှာပါ။

ဒီအစည်းအဝေးမှာ အဓိကကိစ္စရပ်တခုကတော့ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာစနစ်တွေကို အိန္ဒိယက အသုံးပြုနိုင် ရေးနဲ့ စစ်ဘက်နှစ်ရပ်အကြား သတင်းအချက်အလက်တွေ လုံခြုံမှုရှိရှိ ဖလှယ်နိုင်ရေး လမ်းဖောက်ပေးမယ့် အဓိက သဘောတူညီ ချက်တရပ်ကို အခိုင်အမာ ပြင်ဆင်ကြဖို့ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကို ကာကွယ်ရေးဆိုင်ရာ အဓိက လက်တွဲဘက်နိုင်ငံအဖြစ် ၂၀၁၆ ခုနှစ်မှာ အမေရိကန်က သတ်မှတ်လိုက်တာကြောင့် စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဖို့ လမ်းပွင့်သွားတာပါ။

ဒါပေမဲ့လည်း အဖုအထစ်တချို့က ရှိနေပါတယ်။ ရုရှားနိုင်ငံနဲ့ ကြီးမားတဲ့ စစ်ဘက်ဆိုင်ရာ အရောင်းအဝယ်လုပ်တဲ့ နိုင်ငံတွေကို အမေရိကန်က ဒဏ်ခတ်အရေးယူတာကနေ ကင်းလွတ်ခွင့်ရဖို့ အိန္ဒိယဘက်က တွန်းအားပေးပါလိမ့်မယ်။ လေကြောင်းရန် ကာကွယ်ရေး ဒေါ်လာ ၆ ဘီလီယံတန် အဆင့်မြင့်စနစ်တရပ်ကို ရုရှားဆီကနေ အိန္ဒိယကဝယ်ဖို့လုပ်နေတာပါ။

ဒါပေမဲ့ အိန္ဒိယကို ကင်းလွတ်ခွင့်ပေးမယ်ဆိုတဲ့ အာမခံချက်မရှိသလို အိန္ဒိယက ရုရှားဆီကနေ အဆင့်မြင့် ကာကွယ်ရေးစနစ်တွေ ဝယ်မယ်ဆိုရင် အမေရိကန်အနေနဲ့ သိပ်ကို စိုးရိမ်စရာဖြစ်လိမ့်မယ်လို့ အမေရိကန်ကာကွယ်ရေးဌာန၊ အာရှနဲ့ ပစိတ်ဖိတ်ဒေသ လုံြံခုံရေးဆိုင်ရာ လက်ထောက်ကာကွယ်ရေးဝန်ကြီး Randall Schriver က နှစ်နိုင်ငံဆွေးနွေးပွဲမလုပ်ခင်မှာပဲ ပြောထားပါတယ်။

အဲဒီကြားမှာပဲ နှစ်နိုင်ငံအကြား ကွာခြားချက်တွေကိုဖြေရှင်းရေး နည်းလမ်းရှာနိုင်မယ်လို့ နယူးဒေလီအခြေစိုက် Observer သုတေသနအဖွဲ့က Harsh Pant တို့လို့ လေ့လာသူတွေက အကောင်းမြင်နေကြပါတယ်။

“ဒီကိစ္စကို အိန္ဒိယ-အမေရိကန်ဆက်ဆံရေးမှာ အဓိကကိစ္စရပ်တခုလို သတ်မှတ်တာက ဘယ်လိုရည်ရွယ် ချက်မှ အထမြောက်စေမှာမဟုတ်ပါဘူး။ ဒါကို အသေအချာ စဉ်းစားသုံးသပ်တတ်သူတိုင်း နားလည်ပါတယ်။ အမေရိကန်က ဖြစ်စေချင်တာ သက်သက်ကြောင့် ရုရှားနဲ့ဆက်ဆံရေးကို အိန္ဒိယက ရပ်ပစ်ဖို့ဆိုတာဟာ ဖြစ်လာမယ့်ကိစ္စမဟုတ်ပါဘူး။”

အီရန်၊ ရုရှားတို့နဲ့ စီးပွားရေး အဆက်အဆံလုပ်တဲ့ နိုင်ငံတွေကို အမေရိကန်က စီးပွားရေးအရ ဒဏ်ခတ်အရေးယူမယ်ဆိုတာဟာ အိန္ဒိယအတွက် စိုးရိမ်စရာဖြစ်တယ်လို့ နယူးဒေလီအခြေစိုက်၊ မူဝါဒရေးရာသုတေသနအဖွဲ့က သုတေသီ Bharat Kanrnad က ပြောပါတယ်။

“အဲဒါဟာ တကယ့်ပြဿနာပါ။ ဒဏ်ခတ်အရေးယူခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုက အိန္ဒိယအပေါ် လွှမ်းမိုးနေချိန်မှာ ဒီဆက်ဆံရေးကို ဘယ်အဆင့်ထိရောက်အောင် ဆွဲယူနိုင်မှာလဲဗျာ။”

ဒီလိုအခြေအနေတွေ ရှိနေတဲ့ကြားမှာပဲ ဆက်ဆံရေးပိုကောင်းအောင် နှစ်နိုင်ငံလုံးက ဆက်လုပ်သွားမယ်လို့ ခန့်မှန်းထားပြီး ဒီနေရာမှာ အဓိကအကြောင်းရပ်တခုကတော့ တရုတ်ရဲ့ စစ်ရေးနဲ့ စီးပွားရေးအရ လွှမ်းမိုးလာမှုအပေါ် နှစ်နိုင်ငံစလုံးက စိုးရိမ်နေ ကြတာပဲဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟောင်း Lalit Mansingh က သုံးသပ်ပါတယ်။

“တရုတ်ဟာ အမေရိကန်အတွက်ရော အိန္ဒိယအတွက်ပါ လုံခြုံရေးဆိုင်ရာ ကြီးမားတဲ့ခြိမ်းခြောက်မှု တခုပါ။ တရုတ်ရဲ့လုပ်ရပ်တွေကို တုန့်ပြန်လုပ်ဆောင်ရေးအပေါ် မကြာသေးခင်ကမှ လမ်းပွင့်လာတဲ့ မျက်နှာစာပေါင်းစုံမှာ ဆွေးနွေးဖို့လိုတယ်လို့ ကျနော်ယူဆပါတယ်။”

နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာတာနဲ့အမျှ အမေရိကန်ဟာ အိန္ဒိယကို စစ်လက်နက်ပစ္စည်းရောင်းတဲ့ အဓိကနိုင်ငံတခုဖြစ်လာ ပါတယ်။ နောက်နှစ်ဆိုရင် အိန္ဒိယကိုရောင်းတဲ့ အမေရိကန်စစ်လက်နက်ပစ္စည်းတန်ဖိုးဟာ ဒေါ်လာ ၁၈ ဘီလီယံအထိ ရှိလာမယ် လို့ ခန့်မှန်းထားကြပါတယ်။

ဝန်ကြီး Pompeo နဲ့ ဝန်ကြီး Mattis တို့ဟာ သူတို့ခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် Narendara Modi နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ အိန္ဒိယကိုမရောက်ခင် ပါကစ္စတန်ခရီးစဉ်အတွင်းမှာတော့ ဝန်ကြီးချုပ် Imran Khan၊ နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi တို့အပါအဝင် အစိုးရအဖွဲ့အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG