သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ဂျပန် ဆက်ဆံရေးတိုးမြှင့်


ဂျပန်နိုင်ငံက အိန္ဒိယနိုင်ငံအတွင်း ပထမဆုံး မြန်နှုန်းမြင့် ရထား ဆောက်လုပ်ရေး၊ အိန္ဒိယကို ဂျပန်က လက်နက် တင်ပို့ရောင်းချရေးနဲ့ အရပ်ဘက်သုံး နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် စနေနေ့က နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

နယူးဒေလီကို ရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့ တွေ့ဆုံဆွေးနွေးအပြီး ဒီသဘောတူညီချက်တွေကို ကြေညာခဲ့တာပါ။

အိန္ဒိယနိုင်ငံကို ၃ ရက်ကြာ ရောက်နေတဲ့ ဝန်ကြီးချုပ်အာဘေးက အခု သဘောတူညီချက်တွေဟာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်တခုဆီ တက်လှမ်းနိုင်တာဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံက အိန္ဒိယအနောက်ပိုင်း မြို့တွေဖြစ်တဲ့ မွန်ဘိုင်းနဲ့ Ahmedabad တို့ကြားမှာ ပြေးဆွဲမယ့် ကျည်ဆံရထား တည်ဆောက်ရေးအတွက် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ ထောက်ပံ့မှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ မြို့တော်ရဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံ အဆောက်အအုံတွေကို အသစ်ပြောင်းလဲမယ့် အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဒီရထားလိုင်းသစ်တွေ၊ မြန်နှုန်းမြင့်ရထား စီမံကိန်းကြီးတွေနဲ့ အိန္ဒိယရဲ့ အနာဂတ်ခရီးကို စတင်ပါမယ် လို့ ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေအရ ၂ နိုင်ငံကြား နည်းပညာ၊ ပစ္စည်းကိရိယာနဲ့ စစ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို မျှဝေကြမှာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်တွေက ဂျပန်နဲ့ အိန္ဒိယစစ်ဘက် ဆက်ဆံရေးကို ပိုပြီးခိုင်မာစေမယ်လို့ အိန္ဒိယဝန်ကြီးချုပ် Modi က ပြောကြားခဲ့ပါတယ်။ အိန္ဒိယမှာ Narendra Modi ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက် ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေး ပိုပြီးနီးကပ်လာတာဖြစ်ပါတယ်။

XS
SM
MD
LG