သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ အမတ်တွေကို ကက်ရှ်မီးယား ခေါင်းဆောင်တွေ မတွေ့လို


အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ပီ ချင်ဒမ်ဘာရမ်။

အိန္ဒိယအစိုးရ အုပ်ချုပ်တဲ့ ကက်ရှ်မီးယား ဒေသမှာ ၃ လကြာ မတည်မငြိမ် ဖြစ်နေတာကို အဆုံးသတ်စေဖို့ ကက်ရှ်မီးယား ဒေသဆီ ရောက်လာတဲ့ လွှတ်တော်အမတ်များ အဖွဲ့တဖွဲ့ကို ကက်ရှ်မီးယား ခွဲထွက်ရေး ခေါင်းဆောင်တွေက တနင်္လာနေ့က တွေ့ဆုံဖို့ ငြင်းဆန်ခဲ့ပါတယ်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ပီ ချင်ဒမ်ဘာရမ် (P. Chidambaram) ဦးဆောင်တဲ့ ပါတီစုံက ကိုယ်စားလှယ်အဖွဲ့ဟာ ၂ ရက်ကြာ ခရီးစဉ်နဲ့ ဆရီနာဂါကို တနင်္လာနေ့က ရောက်လာခဲ့ကြတာပါ။

အစိုးရ ဆန့်ကျင်ရေး အကြမ်းဖက် ဆန္ဒပြပွဲတွေ အဆုံးသတ်ရေးအတွက် ကက်ရှ်မီးယား ခေါင်းဆောင်တွေ လုပ်သင့်တယ်ထင်တဲ့ ကိစ္စတွေကို သူသိချင်ပါတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ဒါပေမဲ့ အခုလို ကိုယ်စားလှယ်တွေလာတဲ့ ခရီးစဉ်ဟာ အဓိပ္ပာယ် ဘာမှမရှိဘူးလို့ အကြီးဆုံး ခွဲထွက်ရေး ညွန့်ပေါင်းအဖွဲ့ဖြစ်တဲ့ Hurriyat Conference အဖွဲ့က ပြောပါတယ်။

ကက်ရှ်မီးယားဒေသမှာ လွန်ခဲ့တဲ့ ၈ ရက်က တင်းကျပ်တဲ့ ညမထွက်ရ အမိန့်ကို အိန္ဒိယ အစိုးရက ထုတ်ပြန်ခဲ့တဲ့အတွက် ကက်ရှ်မီးယား ဒေသက လူတွေဟာ အကျဉ်းထောင်ထဲမှာ နေရသလို ဖြစ်နေတယ်လို့ ခွဲထွက်ရေး ခေါင်းဆောင်တယောက်ဖြစ်တဲ့ မီယာ ဝါဇစ် ယူမာ ဖာရွတ်က် (Mirwaiz Umar Farooq) က အပြစ်တင် ပြောခဲ့ပါတယ်။

အဖွဲ့ဝင် ၃၉ ယောက်ပါတဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်တွေဟာ အရေးပါတဲ့ ခွဲထွက်ရေး ခေါင်းဆောင်တွေရဲ့ နေအိမ်တွေဆီကို သီးခြားစီခွဲပြီး သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။

သဘောထား တင်းမာတဲ့ ခွဲထွက်ရေး ခေါင်းဆောင်တယောက်က အစိုးရနဲ့ တရားဝင် တွေ့ဆုံဆွေးနွေးပွဲ လုပ်နိုင်ဖို့ ကြိုတင်လိုက်နာရမယ့် အချက် ၅ ချက်ကို ချပြခဲ့ပါတယ်။ သူတင်ပြတဲ့အထဲမှာ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေကို အစိုးရ လုံခြုံရေးတွေက ပစ်ခတ်နေတာ ရပ်ရမယ်ဆိုတဲ့ အချက် ပါပါတယ်။

ကက်ရှ်မီးယား ဒေသမှာ ပြဿနာတွေ ရှိနေတယ် ဆိုတာကို အိန္ဒိယ အစိုးရက လက်မခံမချင်း အခြေအနေတွေ ပုံမှန်ပြန်ဖြစ်မှာ မဟုတ်ဘူးလို့လည်း အဲဒီ ခွဲထွက်ရေး ခေါင်းဆောင်က ပြောခဲ့ပါတယ်။

XS
SM
MD
LG