သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကက်ရှ်မီးယားကားဗုံးခွဲတိုက်ခိုက်မှု အိန္ဒိယဝန်ကြီးချုပ် Modi အကြမ်းဖက်သမားတွေကို သတိပေး


ကြာသပတေးနေ့က အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသမှာ ပြည်သူ့စစ်ယာဉ်တန်း အတိုက်ခံရမှုကို ဆန့်ကျင်သူတဦး ကြွေးကြော်အော်ဟစ်နေပုံ။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉)
ကြာသပတေးနေ့က အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသမှာ ပြည်သူ့စစ်ယာဉ်တန်း အတိုက်ခံရမှုကို ဆန့်ကျင်သူတဦး ကြွေးကြော်အော်ဟစ်နေပုံ။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉)

အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အများအပြား ထိခိုက်သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုအတွက် အပြင်းအထန် တုံ့ပြန်သွားမှာ ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ကတိပြု ပြောဆိုလိုက်ပါတယ်။

တိုက်ခိုက်မှုမှာ ပါကစ္စတန်နိုင်ငံ တိုက်ရိုက် ပတ်သက်နေကြောင်း မငြင်းနိုင်တဲ့ အထောက်အထားတွေ တွေ့ရကြောင်းနဲ့ လုံးဝအထီးကျန်ဖြစ်အောင် ဝိုင်းပယ်ဖို့လည်း တိုက်တွန်းခဲ့တာပါ။ တိုက်ခိုက်မှုနောက်ကွယ်မှာ ပါဝင်သူတွေအနေနဲ့ ကြီးကြီးမားမား ပေးဆပ်ရမှာဖြစ်ကြောင်း လုံခြုံရေးအကြံပေး အရာရှိတွေနဲ့ တွေ့ဆုံအပြီး ဒီကနေ့ပဲ ဝန်ကြီးချုပ်က ပြောဆိုလိုက်သလို အကြမ်းဖက်သမားတွေကို လက်တုံ့ပြန်ရာမှာ လုံခြုံရေးတပ်ဖွဲ့တွေကို စိတ်ကြိုက်လုပ်ခွင့် ပေးဖို့လည်း ကတိပြုခဲ့ပါတယ်။

တိုက်ခိုက်မှုတွေနဲ့ အိန္ဒိယကို မတည်မငြိမ်လုပ်နိုင်မယ်လို့ အိမ်နီးချင်း နိုင်ငံက ယူဆထား ခဲ့ရင် ဒီအစီအစဉ်ဟာ အောင်မြင်မှာ မဟုတ်ကြောင်းနဲ့ တိုက်ခိုက်မှု နောက်ကွယ်က နိုင်ငံနဲ့ကျူးလွန်သူတွေအနေနဲ့ သူတို့လုပ်ရပ်အတွက် သေချာပေါက် အပြစ်ပေးခံရမှာ ဖြစ်ကြောင်းလည်း နယူးဒေလီမြို့တော်မှာ ဝန်ကြီးချုပ် Modi က ပြောဆိုလိုက်တာပါ။

ကက်ရှ်မီးယား ဒေသမှာ ဆယ်စုနှစ်ပေါင်း များစွာအတွင်း အသေအပျောက် အများဆုံး ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်ကြောင်းလည်း ပါကစ္စတန်အခြေစိုက် အစ္စလာမ်စစ်သွေးကြွအဖွဲ့ Jaish-e-Mohammad က ကြေညာထားပါတယ်။ ပြည်သူ့စစ် ယာဉ်တန်းတခုကို ပစ်မှတ်ထားပြီး မနေ့တုန်းက အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ရာမှာတော့ တပ်ဖွဲ့ဝင် ၄၀ ထက်မနည်း သေဆုံးခဲ့တာပါ။ တိုက်ခိုက်မှု ကျုးလွန်ကြောင်း ကြေညာထားတဲ့ အစွန်းရောက်အဖွဲ့ကို ပါကစ္စတန်နိုင်ငံက ခိုလှုံခွင့်ပေးထားတယ်ဆိုပြီး စွပ်စွဲထားတဲ့ အိန္ဒိယနိုင်ငံကတော့ ပါကစ္စတန် နယ်မြေမှာ အခြေစိုက် လှုပ်ရှားနေတဲ့ အကြမ်းဖက် အုပ်စုတွေကို အားပေးနေတာတွေ ရပ်တံ့ဖို့လည်း တောင်းဆိုထားပါတယ်။

ပါကစ္စတန် နိုင်ငံကတော့ တိုက်ခိုက်မှုနဲ့ ဆက်နွယ်မှုမရှိကြောင်း ငြင်းဆန်ခဲ့တာပါ။ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုမရှိဘဲ ပါကစ္စတန်ကို စွပ်စွဲဖို့ အိန္ဒိယအစိုးရနဲ့ မီဒီယာအသိုင်းအဝန်းက ကြိုးပမ်းနေတာတွေကို အပြင်းအထန် ကန့်ကွက်ကြောင်းလည်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG