သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနယ်စပ် တမူးမြို့မှာ ဗုံး ၂ လုံး ပေါက်ကွဲ


အိန္ဒိယ-မြန်မာနယ်စပ်
အိန္ဒိယ-မြန်မာနယ်စပ်

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အချက်အခြာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ ဒီကနေ့ မနက်က ဗုံး ၂လုံးပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ဒေသခံတွေ အထိတ်တလန့်ဖြစ်ခဲ့ပေမဲ့ ထိခိုက်တာတော့ မရှိပါဘူး။ တမူးမြို့ ပေါက်ကွဲတဲ့အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အိန္ဒိယနိုင်ငံနဲ့ ထိစပ်နေတဲ့ တမူးမြို့အတွင်း ပေါက်ကွဲတာဟာ ဒီကနေ့ မနက်အစောပိုင်း က ဖြစ်ပွားခဲ့တာပါ။

ဒီပေါက်ကွဲတာနဲ့ပတ်သက်ပြီး ပေါက်ကွဲပြီးနောက် အခြေအနေကို ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့တဲ့ တမူးမြို့ခံတဦးဖြစ်တဲ့ ဦးမြင့်ဇော်က အခုလို ပြောပါတယ်။

“ဒီနေ့မနက်မှာပဲ ၂ နာရီခွဲ ၁ လုံး ၊ ၂ နာရီ၄၀ တုန်းက ၁ လုံးခင်ဗျ ကျနော်တို့ အမက အမှတ်၉ ကျောင်းရှေ့မှာခင်ဗျ။ သူက လမ်းဘေးမှာ အိတ်ကလေးတလုံး ချထားတဲ့ သဘောပဲ ၊ ထိခိုက်တာတွေတော့မရှိဘူး။ အဲဒီကျောင်းအရှေ့က ခြံစည်းရိုးတွေကတော့ အကုန်ပျက်စီးတာပေါ့ခင်ဗျ။ နောက်ပြီးတော့ ကျနော်တို့ ဗုံးကွဲတဲ့ အိမ်မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ကျောင်းမှာရှိတဲ့ မှန်တွေအကုန်ကွဲကုန်တာပေါ့ခင်ဗျ ။ ဒါပေမယ့် ဒုတိယဗုံး ကတော့ တော်တော်ပြင်းတယ်ခင်ဗျ။”

ဗုံးပေါက်တဲ့နေရာမှာ အနက် ၁ပေလောက်ရှိတဲ့ ကျင်းဖြစ်ပေါ်ခဲ့သလို အနီးအနား မှာ ရွေးစေ့ခန့်ရှိတဲ့ ဘောစေ့နဲ့ သံချောင်းတွေ တွေ့ရတာကြောင့် ဒေသခံတွေ ကတော့ လက်လုပ်ဗုံးအဖြစ်ယူဆနေကြပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တမူးမြို့ ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တမူးမြို့မှာ အခုလို ဗုံးပေါက်ကွဲတာတွေဟာ မကြာခနဆိုသလိုဖြစ်ပျက်နေတတ်ပြီး အရင်နှစ်တွေကဆိုရင် တဖက်နိုင်ငံက လာရောက် အခြေစိုက်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နေအိမ်မီးလောင်ရာမှာ သိုလှောင်ထားတဲ့ ခဲယမ်း မီးကျောက်တွေပေါက်ကွဲပြီး လူသေတာ၊ ထိခိုက်ဒဏ်ရာရတာတွေ လည်း ဖြစ်ပျက်ခဲ့ဖူးပါတယ်။

တမူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်တဲ့ ဦးမြင့်အောင်ကတော့ တနှစ်ကို ၃ကြိမ်ထက်မနည်းပေါက်ကွဲ တတ်ကြောင်းနဲ့ ပေါက်ကွဲမှုဖြစ်တိုင်း မှာလည်း လက်သည်တရားခံကို ဖမ်းဆီးရမိတာမရှိကြောင်း ပြောပါတယ်။

“တနှစ်လုံးဆိုရင်တော့ ၃ ကြိမ်လောက်တော့ရှိတယ်ခင်ဗျ ၊ တရားခံတော့ မမိပါဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူက ဘယ်တုန်းက လာထောင်ထားပြီးမှ ကွဲတဲ့ ဗုံးဆိုတာလည်း မသိလို့လေ ၊ အခုကတော့ ထောင်ထားတဲ့အနေအထားမျိုးရှိတယ်။ မမိနိုင်ဘူးခင်ဗျ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယနယ်စပ်နဲ့လည်းနီးတာကို ။ ဟိုတခေါက်ကတော့ ထောင်ထားတာမဟုတ်ဘူးခင်ဗျ လမ်းမှာတင် သေနတ်နဲ့ ပစ်ပြီးတော့ ပြေးတာ ဒီဟာတောက်လျှောက် တမူးလမ်းမထဲကနေထွက်ပြေးတာပဲ ၊ ပြေးပြီးတဲ့အခါကျတော့ တနေရာမှာ လယ်ကွင်းထဲက ဖြတ်ပြီးတော့မှ ပြေးဝင်သွားတာတွေလည်း ရှိတာ အဲဒီလိုမျိုးတွေလည်း ရှိတာပေါ့နော်။”

ဒီလို ပေါက်ကွဲတာတွေ၊ ပစ်ခတ်တာတွေဖြစ်တာကြောင့် ဒေသခံပြည်သူတချို့ကတော့ စိုးရိမ်ထိတ်လန့်တာတွေရှိနေတယ်လို့လည်း ဦးမြင့်အောင်က ပြောပါတယ်။

“ကြောက်တယ်၊ စိုးရမ်မူလည်းရှိတယ် ဘာကြောင့်လဲဆိုတော့ လမ်းပေါ်မှာ ပစ်သွားတာတွေပေါ့နော်၊ ဒါတွေလည်းတော်တော်များများဖြစ်နေတာလေ။ တမူးမြို့ပြင်မှာ ဖြစ်တာတွေရှိတယ် မြို့အထဲမှာလည်း ၂ ကြိမ်-၃ ကြိမ်လောက် ဒါမျိုးလမ်းမမှ ပစ်သွားတဲ့အခါမျိုးတွေလည်းရှိတော့ ကြောက်ကြတယ်၊ စိုးရမ်မူလည်းရှိတယ်။”

ဒီနှစ်ပိုင်းတွေအတွင်းမှာတော့ မြန်မာနိုင်ငံတမူးမြို့နဲ့ အိန္ဒိယနိုင်ငံ မိုးရေးမြို့ ထိစပ်ပြီး ကူးသန်းသွားလာရလွယ်ကူတဲ့နေရာတွေမှာ တမူးမြို့ခြမ်းမှာ အကျယ်၆ပေ အရှည် တစ်မိုင်ကျော်ရှိတဲ့ ရေမြောင်းတူးဖော်ထားတဲ့အတွက် အလွယ်တကူ ကူးသန်းသွားလာတာတွေကို တားဆီးနိုင်ကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ အတွင်းကလည်း တမူးမြို့အထက် ဟဲဇင်းကျေးရွာဖက် မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သလို မိုးရေးမြို့မှာ လည်း ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။

တမူးနဲ့ မိုးရေးမြို့ နယ်စပ်ဒေသဟာ မူးယစ်ဆေးဝါးရောင်းဝယ်တာ၊ သစ်မှောင်ခို ထုတ်လုပ်တာ စတဲ့ အမှုအခင်းတွေလည်း ရှိသလို အိန္ဒိယနဲ့ မြန်မာအစိုးရကို ဆန့်ကျင်နေတဲ့ ကသည်း၊ ကူကီး၊ နာဂ စတဲ့ လက်နက်ကိုင်အဖွဲ့တွေ အခြေပြုလှုပ်ရှားတာတွေ ရှိနေတဲ့ဒေသတခုလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG