သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေးထက် စီးပွားရေးကိစ္စ အိန္ဒိယ ဦးစားပေး


အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှ်နား။ စက်တင်ဘာ ၈၊ ၂၀၀၉
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှ်နား။ စက်တင်ဘာ ၈၊ ၂၀၀၉

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှ်နား (S.M Krishna) ဟာ မြန်မာ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပြီး လုံခြုံရေးနဲ့ ကုန်သွယ်ရေး ကိစ္စတွေကို အလေးထားပြီး ဆွေးနွေးဖွယ် ရှိပါတယ်။ မြန်မာနိုင်ငံမှာ အရပ်ဘက် အစိုးရ ဖြစ်ပြီးတဲ့နောက် အိန္ဒိယအစိုးရ အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ပေးပို့ထားတဲ့ သတင်းကို အခြေခံပြီး အိန္ဒိယ၊ မြန်မာ နှစ်နိုင်ငံ စီးပွားရေးနဲ့ ကုန်သွယ်မှု ဆက်ဆံရေး ကိစ္စတွေကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အရပ်ဘက်အစိုးရ တက်လာပြီးတဲ့နောက် အိန္ဒိယ အစိုးရပိုင်း အနေနဲ့ ပထမဆုံးအဖြစ် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှ်နားရဲ့ ခရီးစဉ်အတွင်းမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် နှစ်ဘက် ဆွေးနွေးကြမယ်လို့ အိန္ဒိယနိုင်ငံဘက်က ထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေးနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အရင်တုန်းက ကျယ်ကျယ်လောင်လောင် ထောက်ခံ ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ မူဝါဒ ပြောင်းပြီးတော့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေး ပိုကောင်းမှုကို အလေးပေးခဲ့ပါတယ်။ ဒါကြောင့် အခုခရီးစဉ် အတွင်းမှာလည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ အစီအစဉ် မလုပ်ထားပါဘူး။

အိန္ဒိယနိုင်ငံက အခုလို မြန်မာအပေါ်မှာ မူဝါဒပြောင်းရေး စဉ်းစားတဲ့ နေရာမှာ စီးပွားရေးကိစ္စ၊ ကုန်သွယ်ရေးကိစ္စဟာ တချက် အပါအဝင် ဖြစ်တယ်လို့ လေ့လာသူတွေက ယူဆပါတယ်။ မြန်မာ့စီးပွားရေး လေ့လာသူ ဒေါက်တာ ဇော်ဦးကတော့ အိန္ဒိယ အနေနဲ့ ဒေသတွင်း စီးပွားရေး ပြိုင်ဆိုင်မှုမှာ မြန်မာနိုင်ငံရဲ့ တည်ဆဲအစိုးရနဲ့ ဆက်ဆံရေး ပြေပြစ်မှ ဖြစ်မယ်လို့ ယူဆခဲ့ပုံ ရတယ်လို့ သူက ပြောပါတယ်။

“အိန္ဒိယနိုင်ငံကတော့ မြန်မာနိုင်ငံကို ကြည့်တဲ့အခါမှာ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ အရှေ့တောင်အာရှ စီးပွားရေး နယ်ပယ်ထဲကို သူတို့ ဘယ်လို မြန်မာနိုင်ငံကတဆင့် ဝင်နိုင်မလဲဆိုတဲ့ ကိစ္စတွေ၊ ပြီးတော့ မြန်မာနိုင်ငံမှာ အလွယ်တကူ ရနိုင်တဲ့ သဘာ၀ အရင်းအမြစ်နဲ့ ပတ်သက်ပြီးတော့ သူတို့ စိတ်ဝင်စားမှုတွေ၊ နောက် အရေးကြီးဆုံးကတော့ ကျနော့်စိတ်ထင် ကျနော်တို့ရဲ့ အိမ်နီးနားချင်း နိုင်ငံတခုဖြစ်တဲ့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနဲ့လည်း မြန်မာနိုင်ငံဟာ ပိုမို ကုန်သွယ်ရေး ဆက်ဆံမှုတွေ တိုးချဲ့လုပ်လာတဲ့ အခါမှာ အိန္ဒိယကလည်း စဉ်းစားမှုတွေ ရှိလိမ့်မယ်လို့ ခန့်မှန်းလို့ ရပါတယ်။”

တရုတ်နိုင်ငံက ကျောက်ဖြူဘက်မှာ ဆိပ်ကမ်းတခုဆောက်ဖို့ စီမံချက် လုပ်နေတဲ့ အချိန်မှာပဲ အိန္ဒိယဘက်ကလည်း စစ်တွေဘက်မှာ လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ ကြားရပါတယ်။ အဲဒါကရော အခြေအနေ ဘယ်လောက်အထိ ရှိပါသလဲ။

“နောက်ဆုံး အခြေအနေကိုတော့ ကျနော် မပြောနိုင်ဘူးပေါ့။ ဒါပေမဲ့လည်း ရေရှည်အတွက် ကြည့်မယ်ဆိုရင်တော့ အိန္ဒိယနိုင်ငံကလည်း တရုတ်နိုင်ငံနဲ့ အပြိုင် လုပ်ဆောင်လာတဲ့ အပိုင်းတွေ ရှိတယ်။ ကျနော်တို့ကလည်း ဒီနေရာမှာ အမြင်ကျယ်ကျယ်နဲ့ ကျနော်တို့ အိမ်နီးနားချင်းနိုင်ငံ၊ အထူးသဖြင့် ကမ္ဘာပေါ်မှာလည်း စီးပွားရေးအရ အင်မတန် အင်အားကြီးတဲ့ နိုင်ငံကြီး ၂ ခုကြားမှာ ဆောင်ရွက်တဲ့အခါ နိုင်ငံ ၂ ခုစလုံးနဲ့ ပိုမို တွဲဖက် ဆက်ဆံ ဆောင်ရွက်ဖို့ လိုတယ်။ အဲဒီတော့ တရုတ်နိုင်ငံနဲ့ တိုးချဲ့လုပ်လာရင် အိန္ဒိယနိုင်ငံကိုလည်း တိုးချဲ့လုပ်ဖို့ ဆိုတဲ့ စဉ်းစားချက်တွေ ကျနော်တို့ဘက်က စဉ်းစားဖို့ လိုမယ်လို့ ထင်ပါတယ်။”

အိန္ဒိယက အခုလို မြန်မာ တည်ဆဲအစိုးရနဲ့ ဆက်ဆံရေး ပြေပြစ်အောင် ကြိုးပမ်းတဲ့ နေရာမှာ စီးပွားရေးကိစ္စအပြင် လုံခြုံရေး ကိစ္စရပ်ကိုလည်း ထည့်တွက်ထားတယ်လို့ ယူဆမှု ရှိပါတယ်။

စင်ကာပူနိုင်ငံ အရှေ့တောင်အာရှ လေ့လာရေးဌာနက ပါမောက္ခ ဒီအက်စ် မူနီ (D.S. Muni) ကတော့ အိန္ဒိယ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ဆက်ပြီးတော့ ထောက်ခံနေမယ်ဆိုရင် သူ့အတွက် လုံခြုံရေး အန္တရာယ်ပါ ရှိတယ်လို့ ပြောပါတယ်။

“အိန္ဒိယဘက်က မူဝါဒ ပြောင်းလိုက်တာကြောင့် နယ်စပ်ဒေသတလျှောက် အတော်လေး ပူးပေါင်း ဆောင်ရွက်မှုတွေ ရလာပါတယ်။ အစောပိုင်းတုန်းက အိန္ဒိယ အရှေ့မြောက်ပိုင်း သူပုန်တွေဟာ မြန်မာနိုင်ငံထဲမှာ ခိုလှုံ လှုပ်ရှားခဲ့ကြပါတယ်။”

အခုလို ပူးပေါင်းဆောင်ရွက်တယ် ဆိုတာတောင်မှ အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာနယ်စပ်က လုံခြုံရေး အခြေအနေကို သိပ်ပြီးတော့ ကျေနပ် အားရလှတာ မဟုတ်ဘူးလို့ ပါမောက္ခ မူနီက ပြောပါတယ်။ ဒါကြောင့် အခု အစိုးရသစ်အောက်မှာ နယ်စပ် လုံခြုံရေးကိစ္စ ပိုပြီးတော့ တိုးတက်လာဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ ဒေသတွင်းက တရုတ်ရေတပ်ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ အိန္ဒိယဘက်က စိုးရိမ်မှု ရှိတယ်လို့လည်း ပြောပါတယ်။

“မကြာခင်ကဆိုရင် တရုတ်သင်္ဘော ၂ စင်း သွားရောက် လည်ပတ်ခဲ့တာ ရှိပါတယ်။ အခုဆိုရင် တရုတ်သင်္ဘော ၁ စင်းဟာ စင်ကာပူကို ဦးတည် သွားနေပါတယ်။ သီရိလင်္ကာမှာလည်း တရုတ်က ဆိပ်ကမ်း တည်ဆောက်နေတာ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းမှာလည်း တရုတ်ရဲ့ ဆိပ်ကမ်း စီမံချက်တွေ ရှိပါတယ်။ အခုလို ရေတပ် လှုပ်ရှားမှုတွေကြောင့် ဘင်္ဂလားပင်လယ်အော် ဒေသ လုံခြုံရေးအတွက် စိုးရိမ်စရာအဆင့် ရောက်လာပါတယ်။”

အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် ပွင့်ပွင့်လင်းလင်း ဖိအားပေး ပြောဆိုတာတွေ မရှိပေမဲ့လည်း တိုးတိုးတိတ်တိတ်နဲ့ ဖျောင်းဖျ နားချတာမျိုးတော့ လုပ်နေပါတယ်လို့လည်း ပါမောက္ခ မူနီက ပြောဆိုသွားပါတယ်။

XS
SM
MD
LG