သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ အိန္ဒိယ လွှတ်တော်အမတ် ၁၀၀ သမ္မတ ဦးသိန်းစိန်ကို တောင်းဆို


နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ အိန္ဒိယ လွှတ်တော်အမတ် ၁၀၀ သမ္မတ ဦးသိန်းစိန်ကို တောင်းဆို
နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ အိန္ဒိယ လွှတ်တော်အမတ် ၁၀၀ သမ္မတ ဦးသိန်းစိန်ကို တောင်းဆို

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ချက်ချင်း လွှတ်ပေးဖို့ သမ္မတ ဦးသိန်းစိန်ဆီကို အိန္ဒိယ လွှတ်တော်အမတ် ၁၀၀ ကျော် လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ တကယ်လုပ်ချင်တဲ့ဆန္ဒ ရှိမယ်ဆိုရင် အတိုက်အခံတွေရဲ့ အသံတခု ဖြစ်လာတာကလွဲလို့ နိုင်ငံအတွက် ဘာအန္တရာယ်မှ မရှိတဲ့ ဒီ နိုင်ငံရေး အကျဉ်းသားတွေကို မြန်မာအစိုးရသစ်က ပြန်ပြီး လွှတ်ပေးဖို့ အိန္ဒိယ လွှတ်တော်အမတ်တွေက တောင်းဆိုကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အခုထိ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ရှိနေပြီး သူတို့ကို ထိန်းသိမ်းထားတဲ့ ထောင်တွေဟာ မနှစ်မြို့ဖွယ် ရှိရုံမက လူမဆန်တဲ့ အနေအထားမျိုးနဲ့ ထားတာ တွေ့ရသလို တချို့ဟာ ထောင်ဒဏ် ၆၅ နှစ်လို နှစ်ရှည်ထောင်ဒဏ်တွေ အချခံနေရတာမို့ အသက်ရှင်လျက်နဲ့ လွတ်လမ်းမမြင်တဲ့ အနေအထားမျိုးမှာ ရှိနေတဲ့အတွက် ဒီနိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ ချက်ချင်း ပြန်ပြီး လွှတ်ပေးဖို့ သမ္မတ ဦးသိန်းစိန်ကို မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အိန္ဒိယ လွှတ်တော်အမတ်များအဖွဲ့ IPFDB က တောင်းဆိုလိုက်တယ်လို့ အဖွဲ့ ညှိနှိုင်းရေးမှူး ဒေါ်သင်းသင်းအောင်က ပြောပါတယ်။

“ဦးသိန်းစိန်ဆီ ပို့မယ့်စာကို အမတ်ပေါင်း ၁၀၀ ကျော်က လက်မှတ် ရေးထိုးထားတာ ဖြစ်တယ်။ အဲဒီထဲမှာ ထင်ရှားတဲ့ အမတ်တွေဆိုရင် မစ္စတာ ရမ်း ဂျက်သ်မလာနီ (Ram Jethmalani)၊ ဒေါက်တာ ချန်ဒန်း မစ်ထရာ (Dr. Chandan Mitra) တို့၊ မစ်စ် ဆူပရီယာ ဆူလေး (Supriya Sule) တို့ နိုင်ငံရေးပါတီ အသီးသီးပါပဲ၊ ကွန်ဂရက်လည်းပါတယ်၊ BJP လည်း ပါတယ်၊ အဓိက ပါတီလေးတွေက တောင်းဆိုထားတာ ဖြစ်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားရာက ပြန်ပြီး လွှတ်ပေးခဲ့တဲ့အတွက် ကြိုဆိုပေမဲ့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို ပြန်ပြီး လွှတ်ပေးရုံနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းပြီလို့ မပြောနိုင်ဘူးလို့ မြန်မာ့အရေး လှုပ်ရှားတဲ့ အိန္ဒိယ ပါလီမန်အမတ် ရမ်း ဂျက်သ်မလာနီက တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေရေးဆိုင်ရာ ပြုပြင် ပြောင်းလဲရေးတွေကို မြန်မာအစိုးရက တကယ်လုပ်ဆောင်ချင်တဲ့ ဆန္ဒ ရှိတယ်ဆိုရင် အတိုက်အခံတွေရဲ့ အသံတခု ဖြစ်လာတာကလွဲလို့ နိုင်ငံအတွက် ဘာမှ အန္တရာယ် မရှိတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို မြန်မာအစိုးရသစ်က ပြန်ပြီး လွှတ်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်ကို နယူးဒေလီမှာ ကျင်းပတုန်းက ပေးပို့တဲ့ ဗွီဒီယို သဝဏ်လွှာထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် တောင်းဆိုထားတာမို့ ဒါကို ထောက်ခံကြောင်းလည်း ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်ပြည့် မွေးနေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို မက်ဆေ့ချ်တခု ပို့ပေးတာ ရှိတယ်။ အဲဒီ ဗွီဒီယို မက်ဆေ့ချ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ကျမကို သတိရတာ ဝမ်းသာတယ်ပေါ့၊ ဒါပေမဲ့ ကျမကိုတင် မဟုတ်ဘဲ ကျမ ပြည်သူတွေ၊ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေကို သတိရပေးပါ၊ အဲဒီအကျဉ်းသား ၂,၀၀၀ လည်း ရှိသေးတယ်။ သူတို့ လွတ်မြောက်ရေး အတွက်လည်း ကျမတို့ အိန္ဒိယ မိတ်ဆွေတွေက ကူညီကြပါ ဆိုတာကို သူက ပြောခဲ့တယ်။

“အဲဒီကနေစပြီး ကျမတို့ ဒီမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတဲ့ သူတွေက ပါတီက ခေါင်းဆောင်တွေ၊ အမတ်တွေဆီက လက်မှတ်ကောက်ပြီး မနက်ဖြန်ကျရင် Press Conference နဲ့ အမတ်တွေရဲ့ Signature ၁၀၀ ကျော်ကို ထုတ်ပြန်မယ်။”

အိန္ဒိယ လွှတ်တော်အမတ် ၁၀၀ ကျော်ဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ မြင်ရဖို့ မျှော်လင့်ထားသလို ပြောင်းလဲမှုအတွက် လုပ်ဆောင်မယ့် ပထမခြေလှမ်း အနေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့တာဖြစ်ပြီး အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲ အပြီးမှာ အိန္ဒိယနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကတဆင့် စုဆောင်းထားတဲ့ အိန္ဒိယ လွှတ်တော်အမတ်တွေရဲ့ လက်မှတ်တွေကို သမ္မတ ဦးသိန်းစိန်ဆီ ပေးပို့မယ့် အစီအစဉ် ရှိတယ်လို့လည်း ဒေါ်သင်းသင်းအောင်က ပြောပါတယ်။

XS
SM
MD
LG