သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသား ပြန်လည်သင့်မြတ်ရေး အိန္ဒိယ ထောက်ပြ


မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကျယ်ပြန့်တဲ့ အခြေခံ ချမှတ်ဆောင်ရွက်ဖို့ အင်မတန် အရေးကြီးတဲ့အကြောင်း အိန္ဒိယ အစိုးရက အလေးအနက် ပြောကြားခဲ့ပါတယ်။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ၅ ရက်ကြာ အိန္ဒိယ ခရီးစဉ်အတွက် ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အခုလို ဖော်ပြထားတာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ၅ ရက်ကြာ အိန္ဒိယ ခရီးစဉ်အတွင်း စီးပွားရေးနဲ့ တခြား နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်ရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေး သဘောတူခဲ့ကြပြီး နိုင်ငံရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေ၊ အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲ ကိစ္စတွေကို အကျယ်တဝင့် ဆွေးနွေးပြောဆိုတာ မတွေ့ရပါဘူး။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေ ရရှိဖို့အတွက် အားလုံး ပါဝင်နိုင်ပြီး ကျယ်ပြန့်တဲ့ အခြေခံတွေ ချမှတ် လုပ်ဆောင်ဖို့ အရေးကြီးတဲ့အကြောင်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံတဲ့အခါမှာ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) က တိုက်တွန်း ပြောကြားခဲ့တဲ့အကြောင်း နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေ အနေနဲ့ အကြောင်းအရာ ကိစ္စရပ် တော်တော်များများကို ဆွေးနွေးခဲ့ကြတဲ့အကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး တဦးဖြစ်တဲ့ စိုင်းလပ်စ် သန်ဂဲလ် (Sailas Thangal) က ပြောပြပါတယ်။

“ခေါင်းဆောင်တွေဟာ အကြောင်းအရာ တော်တော်များများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံ သဘောတူညီမှု ရခဲ့တဲ့ အထဲက အဓိကကျတဲ့ အချက် ၅ ချက်ကတော့ ရာဇဝတ်မှု ဆိုင်ရာတွေမှာ အပြန်အလှန် အကူအညီ ပေးကြဖို့၊ အသေးစား စက်မှုလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ အိန္ဒိယက အကူအညီပေးမယ့် ကိစ္စ၊ သတင်းဖလှယ်ရေးမှာ အိန္ဒိယက အကူအညီပေးမယ့် ကိစ္စ၊ သိပ္ပံနဲ့ နည်းပညာပိုင်း ဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်နဲ့ ပုဂံမှာရှိတဲ့ ရှေးဟောင်း အာနန္ဒာဘုရား ပြုပြင်ရေး ကိစ္စတွေ ပါဝင်ပါတယ်။”

တဘက်မှာ တရုတ်နိုင်ငံက မြန်မာစစ်အစိုးရနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ဝယ်ယူနေတာကြောင့် ဒါကို ချိန်ခွင်လျှာ ညှိဖို့အတွက် အခုလို မြန်မာစစ်ခေါင်းဆောင် ရောက်နေတုန်း နှစ်နိုင်ငံ သဘောတူညီချက်တွေ၊ အကူအညီပေးမယ့် အစီအစဉ်တွေကို အိန္ဒိယက လက်မှတ်ရေးထိုးဖို့ စီစဉ်တာ ဖြစ်တယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။

အိန္ဒိယအနေနဲ့ မြန်မာစစ်ခေါင်းဆောင်ကို အခုလို လက်ခံ တွေ့ဆုံမယ့်အစား မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ထွန်းကားဖို့အတွက် တိုက်တွန်း လုပ်ဆောင်သင့်တယ် ဆိုပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက တိုက်တွန်းနေတာပါ။

ဒါပေမဲ့ အိန္ဒိယဟာ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် သီးခြား ရပ်တည်နိုင်တဲ့ နိုင်ငံတခု ဖြစ်တာကြောင့် အနောက်နိုင်ငံတွေက ပြောတိုင်း လိုက်မလုပ်သင့်ဘူးလို့ အိန္ဒိယနိုင်ငံက မြန်မာ့အရေး လေ့လာသုံးသပ်သူ မစ္စတာ ကပ်ပူး ဆွာမိ (Kuppu Swami) က ပြောပါတယ်။

“အိန္ဒိယဟာ ဘာကိစ္စမှာပဲဖြစ်ဖြစ် ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ပါတယ်။ အနောက်နိုင်ငံတွေက ပြောတာတွေကို အိန္ဒိယက ဘာကြောင့် စိတ်ပူပြီး လိုက်လုပ်နေရမှာလဲ။ မြန်မာပြည်ဟာ အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းပါ။ အမေရိကန်ရဲ့ အိမ်နီးချင်း မဟုတ်သလို အနောက်နိုင်ငံတွေရဲ့ အိမ်နီးချင်းလည်း မဟုတ်ပါဘူး။ ကျနော်တို့က ဒီမိုကရေစီကို တင်ပို့ ရောင်းချနေတဲ့ တိုင်းပြည်လည်း မဟုတ်ပါဘူး။”

ဒါ့အပြင် ကုလားတန်မြစ် ဖွံ့ဖြိုးရေး စီမံကိန်း၊ တမူး၊ ကလေးဝနဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်က မိုးရေးမြို့အကြား ကားလမ်းဖောက်လုပ်ရေးနဲ့ ရိ၊ တီးတိန် ကားလမ်းဖောက်လုပ်ရေး ကိစ္စ၊ မြန်မာနိုင်ငံမှာ IT နည်းပညာ ဖွံ့ဖြိုးရေး အစီအစဉ်တွေအတွက် အိန္ဒိယက ငွေကြေး ထောက်ပံ့ပေးမယ့် အစီအစဉ်တွေ၊ နှစ်နိုင်ငံ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လုပ်ဆောင်မယ့် အစီအစဉ်တွေလည်း ဆွေးနွေး သဘောတူခဲ့ကြတယ်လို့ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံမှာ IT နည်းပညာနဲ့ ဆေးဝါးထုတ်လုပ်မှု လုပ်ငန်းတွေမှာ ရှေ့ကပြေးနေတဲ့ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်က ဟိုက်ဒြာဘတ်မြို့ကို ဒီကနေ့ သွားရောက်လေ့လာပြီး မနက်ဖြန် ၂၉ ရက်နေ့မှာ မြန်မာပြည်ကို ပြန်မယ်လို့ သိရပါတယ်။

XS
SM
MD
LG