သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယစစ်တပ် မြန်မာနယ်စပ်ဖြတ်ကျော်ပြီး သူပုန်တွေနှိမ်နင်း


အိန္ဒိယ-မြန်မာ နယ်စပ်ဒေသမှာ အခြေစိုက်တဲ့ နာဂသူပုန်အဖွဲ့က အိန္ဒိယစစ်တပ်ကို လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက တိုက်ခိုက်ခဲ့တာကို လက်တုန့်ပြန်တဲ့ အနေနဲ့ အိန္ဒိယစစ်တပ်က မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ အဲဒီ နာဂတပ်ဖွဲ့တွေရဲ့ စခန်းတွေကို အထူးစစ်ဆင်ရေး ပြုလုပ်ပြီး တိုက်ခိုက် ချေမှုန်းခဲ့တယ်လို့ အိန္ဒိယစစ်တပ်က ပြောပါတယ်။ အသေအပျောက်စာရင်း အတိအကျ မသိရသေးပေမဲ့ အိန္ဒိယနိုင်ငံအတွင်းက သတင်း မီဒီယာတွေမှာတော့ သူပုန်တပ်ဖွဲ့ဝင် ၃၀ ကနေ ၅၀ အကြား သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ နာဂသူပုန်အဖွဲ့ကြီး ၂ ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ NSCN – Kaplang အဖွဲ့က အိန္ဒိယစစ်တပ် စခန်းတွေကို ဇွန်လ ၄ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကို တုန့်ပြန်တဲ့အနေနဲ့ အိန္ဒိယစစ်တပ်က မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ အဲဒီ နာဂသူပုန်အဖွဲ့ရဲ့ စခန်း ၂ ခုကို မူလ တိုက်ခိုက်မှုဖြစ်ပြီး ၄ ရက်အကြာမှာ အထူးစစ်ဆင်ရေးတရပ် ပြုလုပ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယစစ်တပ် ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။
“မြန်မာနိုင်ငံ အတွင်းရှိ သူပုန်စခန်း ၂ ခုကို အိန္ဒိယစစ်တပ်က ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှာ သူပုန်တွေဘက်က အကြီးအကျယ် ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ အခြေစိုက်တဲ့ သူပုန်အဖွဲ့တွေက အိန္ဒိယစစ်တပ်ကို ဝင်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေလည်း အစောပိုင်းက ကျမတို့ ရရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးလာသူတွေကို နိုင်ငံလုံခြုံရေးအတွက် ခုခံကာကွယ်သွားမှာ ဖြစ်ပါတယ်။”

တဘက်နိုင်ငံ အတွင်းမှာ ရှိနေတဲ့ လက်နက်ကိုင် သူပုန်အဖွဲ့တွေကို တဘက်နိုင်ငံ အစိုးရတပ်တွေက ဝင်ရောက် တိုက်ခိုက်ခွင့် ရှိတယ်ဆိုတဲ့ အခြေခံ သဘောတူညီချက် အိန္ဒိယနဲ့ မြန်မာအစိုးရအကြား ရရှိထားတာ ဖြစ်ပေမဲ့ အဲဒီလို တိုက်ခိုက်မှု မပြုခင် တဘက်အစိုးရကို ကြိုတင် အကြောင်းကြားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစစ်ဆင်ရေး ပြုလုပ်မယ်ဆိုတဲ့အကြောင်း အိန္ဒိယဘက်က မြန်မာအစိုးရကို ကြိုတင် အကြောင်းကြားခဲ့ခြင်း မရှိဘဲ နောက်ပိုင်းမှ အသိပေးခဲ့တယ်လို့ အိန္ဒိယ အငယ်တန်း ပြန်ကြားရေးဝန်ကြီး Rajyavardhan Singh Rathore ပြောကြောင်း အိန္ဒိယနိုင်ငံ အတွင်းက သတင်းမီဒီယာတွေမှာ ကိုးကား ဖော်ပြကြပါတယ်။

အိန္ဒိယနိုင်ငံကို တိုက်ခိုက်လာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို နှိမ်နင်းမယ်ဆိုတဲ့ သူတို့ရဲ့ မူဝါဒနဲ့အညီ အခုလို လိုက်လံ ချေမှုန်းခြင်း ဖြစ်တယ်လို့ ဝန်ကြီး Rajyavardhan Singh Rathore က ပြောပါတယ်။
“ကျနော်တို့ နိုင်ငံအနေနဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ အစဉ်အမြဲ ချစ်ကြည်ရင်းနှီးမှု ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ထင်ရှားတာက အကြမ်းဖက်မှုနဲ့ ပတ်သက်လာရင် ကျနော်တို့အနေနဲ့ လုံးဝသည်းခံမှာ မဟုတ်ဘူး ဆိုတာပါပဲ။ ဒါကြောင့်လည်း အိမ်နီးချင်း နိုင်ငံတွေမှာ ရှိတဲ့သူပုန်တွေကို နှိမ်နင်းဖို့ ကျနော်တို့က အကြောင်းကြားထားပါတယ်။ တကယ်လို့ အိမ်နီးချင်းနိုင်ငံက အဲဒီ သူပုန်တွေကို မနှိမ်နင်းနိုင်ဘူးဆိုရင် အိန္ဒိယကို လာတိုက်မယ့် သူပုန်တွေကို ကျနော်တို့က နှိမ်နင်းရမှာ ဖြစ်ပါတယ်။”

အိန္ဒိယစစ်တပ်က အထူးကွန်မန်ဒို တပ်ဖွဲ့အင်အား ၄၀၀ ကနေ ၅၀၀ အကြားနဲ့ ရဟတ်ယာဉ်တွေ ပါဝင်တဲ့ စစ်ဆင်ရေးအတွင်း အိန္ဒိယနိုင်ငံ နာဂပြည်နယ် Tuenseng ခရိုင်ရဲ့ ဆန့်ကျင်ဘက် မြန်မာနိုင်ငံဘက် အခြမ်းအတွင်းနဲ့ မဏိပူရပြည်နယ်၊ Ukrul ခရိုင်အတွင်းမှာရှိတဲ့ NSCN စခန်း ၂ ခုအပြင် Chandel ခရိုင်အတွင်းက တတိယမြောက် NSCN စခန်းကိုပါ တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်တယ်လို့ သတင်းတွေမှာ ရေးသားဖော်ပြကြပါတယ်။

ဒီစစ်ဆင်ရေးသတင်းနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ မြန်မာ သမ္မတရုံး ညွှန်ကြားရေးမှူး တဦးဖြစ်တဲ့ ဦးဇော်ဌေးကတော့ အိန္ဒိယစစ်တပ် အနေနဲ့ မြန်မာပိုင်နက်ထဲမှာ ဝင်ရောက် စစ်ဆင်ရေး လုပ်တယ်ဆိုတာကို ငြင်းဆန်ထားပြီး၊ မြန်မာနိုင်ငံအနေနဲ့ မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမှ မြန်မာပိုင်နက်ထဲ ဝင်ရောက်တာမျိုးကို လက်ခံမှာ မဟုတ်ဘူးလို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအရ အခုလောက် ကြီးမားတဲ့ စစ်ဆင်ရေးမျိုး ပြုလုပ်မယ်ဆိုရင် ဝန်ကြီးချုပ်ထံက အတည်ပြုချက် ရယူပြီးမှ လုပ်ခွင့်ရှိတယ်လို့ အိန္ဒိယ သတင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက် ဒေသအတွင်းမှာ အစိုးရကို ပုန်ကန်တော်လှန်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်း အများအပြား ရှိတဲ့အထဲ အခု အိန္ဒိယစစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ NSCN – Kaplan အဖွဲ့ဟာ အထင်ကရ အဖွဲ့အစည်းတခု ဖြစ်တဲ့အကြောင်း မြန်မာ အတိုက်အခံတဦးအဖြစ် အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော် နေထိုင်ခဲ့သူ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။
“ဒီအဖွဲ့က အမှန်က အရင်တုန်းက NSCN ဆိုတဲ့ တခုတည်းသော အဖွဲ့မှာ Kaplan အဖဲ့ွနဲ့ Isak Muivah အဖွဲ့ဆိုပြီး ကွဲသွားကြပြီပေါ့လေ။ ဒီ Isak Muivah အဖွဲ့ကတော့ အိန္ဒိယအစိုးရနဲ့ အိန္ဒိယမှာပဲ အခြေစိုက်ပြီး အိန္ဒိယအစိုးရနဲ့ စေ့စပ်ဆွေးနွေးရေးတွေလုပ်တာ တော်တော်လေး အဆင့်ရလာပြီခင်ဗျ။ အဲဒီအချိန်မှာ ဒီ Kaplan အဖဲ့ွက အိန္ဒိယနဲ့ စေ့စပ်ဆွေးနွေးပွဲမှာလည်း မပါသလို၊ သူ့ရဲ့အခြေစိုက်မှုကလည်း မြန်မာမြေပေါ်မှာ နာဂတောင်တန်း၊ ပက်ကွိုင်တောင်တန်းပေါ်မှာ အခြေစိုက်တာခင်ဗျ။ အဲဒီတော့ အိန္ဒိယမြေပေါ်မှာဖြစ်လို့ အိန္ဒိယအစိုးရက လိုက်တိုက်တယ်ဆိုတော့၊ သူတို့နေတာက မြန်မာပြည်ထဲမှာ အခြေချထားတာ။ တကယ်တမ်းကျတော့ မြန်မာမြေပေါ်မှာ အိန္ဒိယ အစိုးရကို တိုက်နေတဲ့၊ လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့တွေက မြန်မာမြေပေါ်မှာချည်းပဲ အခြေစိုက်ကျတာများတယ်။ အနည်းဆုံး ၆ ဖွဲ့လောက်ရှိတယ်။ အဲဒီတော့ ၂ နိုင်ငံ စစ်တပ်တွေကလည်း ဒီအပေါ်မှာ အကြီးအကျယ် ခေါင်းခဲစရာ ဖြစ်နေသေးတော့ကာ ဒီလိုတိုက်ပွဲသတင်း ဖြစ်နေတဲ့သတင်းကတော့ ကျနော်ထင်တယ်၊ ၂ နိုင်ငံ တော်တော်လေး လေးလေးနက်နက် စဉ်းစားဆွေးနွေးပြီး အပေးအယူလုပ်မှသာလျှင် ဖြစ်လိမ့်မယ် ထင်တယ်ခင်ဗျ။”

မြန်မာအစိုးရကို ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ နိုင်ငံတကာ နယ်နိမိတ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ အတွင်းက လက်နက်ကိုင် အင်အားစုတွေကို အိန္ဒိယအစိုးရက ရုတ်တရက် ဝင်ရောက် တိုက်ခိုက်တာဟာ နှစ်နိုင်ငံ သံတမန်ရေးကို ထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ် ပြောဆိုကြပါတယ်။ အခုလို အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ကျူးကျော်ရာ ရောက်တယ်လို့ ယူဆရတဲ့ အိန္ဒိဘက်က လုပ်ရပ်နဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က အခုချိန်ထိ တရားဝင် တစုံတရာ ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

XS
SM
MD
LG