မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံနယ်စပ် မီဇိုရမ်ပြည်နယ်ထဲ ကုန်ပစ္စည်းသယ်ယူမှုတွေကို မီဇိုရမ်ပြည်နယ် မော်တော်ယာဉ်အသင်းက ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာကြောင့် မြန်မာ ကုန်သည်တွေနဲ့ ကုန်တင်ယာဉ် အသင်းတွေ အခက်တွေ့နေရပါတယ်။ ဒီလို ပိတ်ပင်တာ မြန်မာနိုင်ငံနဲ့ မပတ်သက်ဘဲ တဘက်နိုင်ငံ မီဇိုရမ်ပြည်နယ်က ဒေသတွင်း ပြဿနာကြောင့် လည်း ဖြစ်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အိန္ဒိယနဲ့ မြန်မာနယ်စပ်ရှိ ချင်းပြည်နယ် ရိခေါဒါရ် နယ်စပ်ကုန်သွယ်ရေးစခန်းဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဘက်ကို ကုန်ပစ္စည်းတင်ပို့တဲ့ အဓိက စခန်းတခုဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာ မီဇိုရမ်ပြည်နယ်အတွင်း ကုန် ပစ္စည်းသယ်ယူတာတွေ ပိတ်လိုက် တာကြောင့် မြန်မာနိုင်ငံဘက်မှာလည်း လုပ်ငန်းတချို့ရပ်နားနေပါတယ်။
လောလောဆယ်မှာတော့ ကလေးမြို့ကနေ ရိခေါ်ဒါရ်မြို့ကို ကုန်စည်ပို့ဆောင်တာနဲ့ ပတ်သက်ပြီးကလေးမြို့ ချင်းတောင်တန်း မော်တော်ယာဉ်အသင်းက ဦးမားအာက ပြောပါတယ်။
“ဟိုဘက်က လမ်းပိတ်တယ်။ ရက်အကန့်အသတ်မရှိဘူး။ အခုတလောတော့ နားနေ တယ်။ လမ်းပိတ်တယ် ဆိုတော့လေ။ အခုဆိုရင် ဒီနေ့နဲ့ဆိုရင် ၆ ရက်လောက်ရှိပြီပေါ့။”
ကုန်ပစ္စည်းတင်ပို့တာတွေ ရပ်နားထားပေမဲ့ ခရီးသည်ကားတွေကတော့ ပုံမှန်သွား လာနေ ကြောင်းလည်း ပြော ပါတယ်။
ချင်းပြည်နယ် ရိခေါဒါရ်မြို့ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလားလ်ပက်လော်မ်မာ က နယ်စပ်ကုန်သွယ်ရေးကို ပိတ်ပင်တာမဟုတ်ဘဲ တဘက်နိုင်ငံက မော်တော်ယာဉ်အသင်း၂ ခုအကြား ပြဿနာကြောင့်ဖြစ်ကြောင်း အခုလို ပြောပါတယ်။
“အဲဒီပိတ်ရတဲ့အကြောင်းရင်းကတော့ ကျနော်တို့ မြန်မာ- အိန္ဒိယနယ်စပ်နားမှာ ရှိတဲ့ သူတို့ဘက်က ဇိုခေါထာရ် ရွာမှာ ကုန်စည်ပို့ဆောင်ရေးအသင်းကို ထူထောင်ထားတယ်။ အဲဒီကုန်စည်ပို့ဆောင်ရေးအသင်းနဲ့ ဇိုခေါထာရ် ရွာနဲ့ အနီးဆုံးဖြစ်တဲ့ ကျန်ဖိုင်းခရိုင်မြို့ ပေါ့နော်။ အဲဒီခရိုင်မြို့မှာလည်း ကုန်စည်ပို့ဆောင်ရေး အသင်းဆိုတာ ရှိတယ်။ သူတို့ အသင်း ၂ ခု အချင်းချင်းကြားမှာ ပြဿနာရှိတဲ့အတွက်ကြောင့်ပါ။ သူတို့ ကျန်ဖိုင်းမြို့ကို အဝင်မခံဘူး ဖြစ်နေတယ်။ ကုန်တင်ကားတွေပေါ့နော်။ သူတို့အကြားမှာ ဖြစ်တဲ့ ပြဿနာကြောင့်ပါ။ တရားဝင် ပိတ်တာမဟုတ်ဘူး။ သူတို့ ရက်အကန့်အသတ်မရှိဆို ကြေညာထားတယ်။ သူတို့ ကုန်စည်ပို့ဆောင်ရေး အသင်းက။ ”
အဓိက ပြဿာနာကတော့ ကားသင်း ၂ ခုအကြား ညှိနှိုင်းထားတာမရှိဘဲ အလှည့်ကျစနစ် စီစဉ်တာ၊ ကုန်တင် ဈေးနှုန်းသတ်မှတ်တာနဲ့ မော်တော်ယာဉ်တွေကို ဇိုခေါထာရ် ရွာက ဒေသဖွံ့ဖြိုးရေးရံပုံငွေ ကောက်ခံတာကြောင့် ဖြစ်ကြောင်းနဲ့ ကျန်ဖိုင်းမြို့အတွင်းကို ကုန်ကားတွေ အဝင်မခံတဲ့အတွက် မြန်မာနိုင်ငံဘက်က ကုန်ပစ္စည်း တွေဟာ ဇိုခေါထားရ်ရွာမှာ စုပုံနေတယ်လို့လည်း ပြောပါတယ်။
လက်ရှိ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဦးလားလ်ပက်လော်မ်မာက အခုလို ဆက်ပြောပါတယ်။
“ဆက်သွားလို့ မရတဲ့အခါကျတော့ ကုန်ပစ္စည်းတွေ ဟိုဘက်ကမ်းမှာပဲ စုပုံပြီးတော့ ထား လိုက်တာပေါ့နော်။ ထားတဲ့အခါကျတော့ ကုန်ပစ္စည်း .. ကုန်သွယ်မှု နှောင့်နှေးကြန့်ကြာ တယ်။ ပြီးတော့ ကုန်ပစ္စည်းတွေ ဂိုဒေါင်မှာ ထားရတာဆိုတော့ ဂိုဒေါင်ခတွေ ဘာတွေ မလိုလားအပ်တဲ့ ငွေကြေးကုန်ကျမှုများတယ်။ ပြီးတော့ သူတို့ ကုန် ပစ္စည်းတွေ ဆက် သွားလို့ မရတဲ့အခါကျတော့ အခက်အခဲတော့ များစွာရှိတာပေါ့နော။”
မြန်မာနိုင်ငံဘက်က တင်ပို့တဲ့ ကုန်ပစ္စည်းတွေက ကျန်ဖိုင်းမြို့ကနေတဆင့် ဖြတ်သန်းပြီး မှသာ မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်နဲ့ အခြားမြို့ကြီးတွေကို ပို့ဆောင်ရတာ ဖြစ်ပါတယ်။ ဇိုခေါထာရ်နဲ့ ကျန်ဖိုင်းမြို့က ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးအသင်းတွေနဲ့ ကုန်တင်ကုန်ချအသင်းတွေအကြား အငြင်းပွားမှုဖြစ်တာကြောင့် သယ်ယူပို့ဆောင်ရေး ရပ်တန့်တာတွေ မကြာခနဖြစ်တတ်ကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။