သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်မှာ လက်နက်အရောင်းအဝယ် လုပ်မယ့်အစီအစဉ်ကို အိန္ဒိယစစ်တပ် တားဆီးခဲ့


အိန္ဒိယ မြန်မာ ၂ နိုင်ငံနယ်စပ်
အိန္ဒိယ မြန်မာ ၂ နိုင်ငံနယ်စပ်

အိန္ဒိယ မြန်မာ ၂ နိုင်ငံ နယ်စပ်ဒေသမှာ တာဝန်ကျနေတဲ့ အာသံရိုင်ဖယ်တပ်ဟာ တနင်္ဂနွေနေ့မနက်ပိုင်းက မီဇိုရမ် ပြည်နယ်ထဲမှာ AK 56 ရိုင်ဖယ် သေနတ်တွေကို ဖမ်းမိခဲ့ပြီး နယ်စပ်ကျော်ဖြတ်ပြီး လက်နက်အရောင်းအဝယ် လုပ်မယ့် အစီအစဉ်ကို တားဆီးလိုက်နိုင်တယ်လို့ အိန္ဒိယက လာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ဒီလက်နက်တွေဟာ မဏိပူအခြေစိုက် Meitei လို့ခေါ်တဲ့ ကသည်းသူပုန်တွေကို ရောင်းချဖို့လို့ ယူဆရပါတယ်။

၂ နိုင်ငံနယ်စပ်က အတားအဆီးမရှိတဲ့ နယ်ခြားဒေသကို ဖြတ်ကျော်ပြီး အိန္ဒိယနဲ့ မြန်မာ သူပုန် အဖွဲ့တွေကြား မီဇိုရမ်ပြည်နယ်ထဲက Farkwan မှာ လက်နက် အရောင်းအဝယ် လုပ်မယ် ဆိုတဲ့သတင်းကို အမှတ် ၁၀ အာသံရိုင်ဖယ်တပ်က သတင်းရရှိခဲ့တယ်လို့ ဒုဗိုလ်မှုးကြီး S Newton က ပြောပါတယ်။

ဗိုလ်ကြီး Vaibhav Joshi ဦးဆောင်တဲ့ အာသံရိုင်ဖယ်တပ်ဟာ ၂ နိုင်ငံနယ်ခြားမျဉ်း ဖြစ်နေတဲ့ တယောချောင်းတလျှောက် သတင်းအရ စောင့်ကြည့်နေစဉ် အခုလို ဖမ်းမိခဲ့တာ လို့ဆိုပါတယ်။ မြန်မာသူပုန် ၂ ယောက်ဟာ မနက်အစောပိုင်းမှာပဲ တယောချောင်းကို ဖြတ်ပြီး အိန္ဒိယ ပိုင်နက်ထဲကို ကူးလာစဉ်မှာ အာသံရိုင်ဖယ်တပ်နဲ့ ရင်ဆိုင်တိုးမိကြောင်းနဲ့ သူတို့ဟာ သယ်လာတဲ့ အိတ်တွေကို ချောင်းအလယ်မှာ ပစ်ချပြီး ထွက်ပြေးသွား ကြတယ်လို့လည်း ပြောပါတယ်။ အိတ်တအိတ်ထဲမှာ AK 56 ရိုင်ဖယ် သေနတ် ၅ လက်ကို တွေ့ရပြီး ဒါဟာ မီဇိုရမ်ပြည်နယ်တွင်း အာသံရိုင်ဖယ်တပ်က အများဆုံးဖမ်းမိတာ ဖြစ်ပါတယ်။

ဒီလက်နက်တွေဟာ မဏိပူအခြေစိုက် လက်နက်ကိုင် အဖွဲ့တွေနဲ့ အရောင်းအဝယ်လုပ်ဖို့ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူဒေသထဲမှာ မနှစ်က မေလထဲ အာသံရိုင်ဖယ်တပ် ယာဉ်တန်း၊ ခြုံခို အတိုက်ခိုက် ခံခဲ့ရတဲ့အတွက် တပ်သား ၆ ဦးသေဆုံးခဲ့တာမို့ တိုက်ခိုက်မှုမှာ ပါဝင် သူတွေကို လိုက်လံရှာဖွေဖို့ အိန္ဒိယတပ်ဖွဲ့တွေ မြန်မာ့မြေထဲအထိ ဝင်ရောက်ခဲ့တာလည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG