စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာရှိတဲ့ ကဘော်ချိုင့်ဝှမ်းကို သိမ်းယူပြီး၊ မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းဖို့အဆိုကို အိန္ဒိယအထက်လွှတ်တော်အမတ်က လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ ချင်း၊ ဗမာနဲ့ ရှမ်းနီလူမျိုးစု အများဆုံးနေထိုင်တဲ့ ကဘော်ဒေသကိုရယူဖို့တောင်းဆိုတာဟာ လက်တွေ့မကျဘူးလို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကနေသတင်းပေးပို့ထားပါတယ်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကဘော်ချိုင့်ဝှမ်းကို ပြန်လည်သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းဖို့အဆိုကို မဏိပူရ်ပြည်နယ်ကိုယ်စားပြု အိန္ဒိယ အထက်လွှတ်တော်အမတ် Leishemba Sanajaoba (လေရှမ်ဘ ဆာနာဂျောင်ဘ) က မတ်လ ၁၀ ရက်နေ့က အထက်လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့တာပါ။
ဒီအဆိုကို တင်သွင်းသူ Sanajaoba Leishemba (လေရှမ်ဘ ဆာနာဂျောင်ဘ) ဟာ အိန္ဒိယနိုင်ငံမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ Bharatiya Janata Party (BJP) ပါတီရဲ့ မဏိပူရပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ်တဦး ဖြစ်ပါတယ်။
မြန်မာပိုင်နက်ထဲက ကဘော်ချိုင့်ဝှမ်းကို ပြန်ယူမယ်ဆိုတဲ့ အထက်လွှတ်တော်အမတ် Leishemba Sanajaoba (လေရှမ်ဘ ဆာနာဂျောင်ဘ) ရဲ့ အဆိုဟာ လက်တွေ့မကျဘူးလို့ India For Myanmar အဖွဲ့တာဝန်ခံ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
"လက်တွေ့ကျမှု မကျမှုကို ကြည့်မယ်ဆိုရင် မဏိပူရ်ပြည်နယ်မှာ ကသည်းလူမျိုးနွယ်စုတွေ နေနေတဲ့ လက်ရှိရာခိုင်နှုန်းကိုပဲပိုင်တာဖြစ်တယ်။ အခုကဘော်ချိုင့်ဝှမ်းဆိုတာလည်း ကသည်းလူမျိုးတွေနဲ့ သမိုင်းကြောင်းအရ နီးစပ်တာမျိုးမရှိသလို၊ လူမျိုးစုအရလည်းဆက်စပ်တာမျိုးလုံးဝ မရှိတဲ့အခါကျတော့ ဒါကို ပြန်ယူမယ်ဆိုတဲ့ တောင်းဆိုချက်တွေက တော်တော်လေးလက်တွေ့မကျတဲ့ တောင်းဆိုချက်လို့ ကျနော်တော့ မြင်တယ်။ ဘာဖြစ်လို့လဲဆို သူတို့ပြောနေတဲ့ ကဘော်ချိုင့်ဝှမ်းကို ပြန်ယူမယ်ဆို အဲဒီ ကဘော်ချိုင့်ဝှမ်းမှာ နေထိုင်တဲ့သူတွေက ကသည်းလူမျိုးတွေ မဟုတ်ဘဲနဲ့ ချင်းတို့၊ ရှမ်းနီတို့၊ တခြားလူမျိုးနွယ်စုတွေပဲ ဖြစ်တဲ့အခါကျတော့ သူတို့ဆန္ဒ သဘောထားတွေကလည်း အများကြီးအရေးကြီးတဲ့အတွက် ဒါကတော့ လက်တွေ့မကျတဲ့ လှုပ်ရှားမှုလို့တော့ မြင်တယ်။"
မြန်မာ့နိုင်ငံအရေး ရှုပ်ထွေးနေချိန် ပြဿနာတွေကို ဖြေရှင်းတာမှာ အိန္ဒိယရရဲ့ အရေးပါမှုကိုလည်း ထည့်သွင်းစဉ်းစားပြီးတော့ ကြိုးစားသင့်တယ်လို့ ပြောပါတယ်။
"အိန္ဒိယရဲ့ နိုင်ငံရေးအင်အားစုတွေ တရားဝင်ထုတ်ဖော် ပြောဆိုချက်တွေ၊ အားထုတ်မှုတွေကို ကြည့်မယ်ဆိုရင်တော့ မြန်မာ့အရေးပေါ်မှာ အိန္ဒိယက တော်တော်လေး စိတ်ဝင်စားလာတယ်ဆိုတာ သိသာတယ်။ ဒါကို ကျနော်တို့ဘက်က အကောင်းဘက်ကနေ အသုံးချနိုင်ဖို့လိုတယ်။ ကျနော်တို့ မြန်မာ့အရေးကို ဖြေရှင်းဖို့အတွက် အရမ်းကြန့်ကြာသွားရင်၊ မဖြေရှင်းနိုင်တဲ့ အနေအထားရောက်သွားရင် သေချာတာက လူမျိုးနွယ်စုတူတဲ့ လူတွေအားလုံးက သူတို့လူမျိုးစုတွေကို ကယ်ထုတ်ချင်မှာ သေချာတယ်။"
ကဘော်ချိုင့်ဝှမ်းကို ပြန်ယူဖို့ဆိုတဲ့ အိန္ဒိယအထက်လွှတ်တော်အမတ်ရဲ့အဆိုမှာ သမိုင်းကြောင်းနဲ့ချီပြီး အထောက်အထားတွေကိုလည်း တင်ပြခဲ့ပါတယ်။ အိန္ဒိယဗဟိုအစိုးရအနေနဲ့ ဒီအပေါ်ကို အင်အားသုံး ရယူနိုင်ခြေ မရှိပေမယ့် မြန်မာ့အရေးအားပြိုင်နေတဲ့ အာဏာပိုင်တွေ အနေနဲ့ ဖြေရှင်းဆောင်ရွက်ဖို့ ဆလိုင်းဒိုခါရ်က ဆက်ပြောပါတယ်။
"နယ်စပ်ဒေသမှာရှိတဲ့ လူမျိုးတမျိုးက နှစ်နိုင်ငံကို ခွနေထိုင်တဲ့ လူမျိုးတွေကြားမှာ နိုင်ငံရေးအရ ရွေးချယ်စရာတခုအဖြစ် စဉ်းစားလာတာက နိုင်ငံတခုရဲ့ အုပ်ချုပ်ရေးစနစ်အောက်မှာ အတူတူနေထိုင်ရေး ရှိလာတော့။ ဒီအပေါ်မှာ အခုလက်ရှိ NUG သော်လည်းကောင်း၊ စကစ သော်လည်းကောင်း နိုင်ငံရေးအရ မြန်မာ့အရေးကို မဖြေရှင်းနိုင်ဘူးဆိုရင် နောင်မှာ ရင်ဆိုင်ရမယ့် နိုင်ငံရေးကိစ္စတခုလို့ မြင်တယ်။"
ကဘော်ချိုင့်ဝှမ်းဒေသဟာ မဏိပူရ်ပြည်နယ်နဲ့ တမူးမြို့နယ်ကြား နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နေရာမှာရှိနေပြီး၊ လက်ရှိအချိန်မှာ တမူးမြို့နယ်ထဲမှာ ပါဝင်နေတာပါ။ ဗမာ၊ ရှမ်းနီနဲ့ ချင်းလူမျိုး အများစုနေထိုင်ပြီး ကသည်းလူမျိုးတွေလည်း ရှိပါတယ်။
ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယအပိုင်ဆိုပြီး ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကလည်း Bharatiya Janata Party (BJP) က မဲဆွယ်စည်းရုံးရာမှာ ပြန်လည်တောင်းယူမယ်လို့ ဆိုခဲ့ဖူးပါတယ်။
Forum